ရှီကျင့်ဖိန်သည် တရုတ် အင်ဂျင်နီယာ တံခွန်အသင်း တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အတွက် ဂုဏ်ပြုလွှာ ပေးပို့

(GMT+08:00)2024-06-03 18:17:28  

 တရုတ် အင်ဂျင်နီယာ တံခွန်အသင်း တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂုဏ်ပြုလွှာကို ပေးပို့ပြီး ပါတီဗဟိုကော်မတီ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ထောမနာ ပြုကာ တံခွန်အသင်းမှ သုတေသီအားလုံးနှင့် အင်ဂျင်နီယာ သိပ္ပံနည်းပညာ ဝန်ထမ်းများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်း ဆက်သခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ ဂုဏ်ပြုလွှာတွင် အင်ဂျင်နီယာ သိပ္ပံနည်းပညာလုပ်ငန်းသည် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့် အရေးကြီးသော အင်ဂျင် တစ်ခု ဖြစ်ကြောင်း၊ တရုတ် အင်ဂျင်နီယာ တံခွန်အသင်းသည် ခရီးစဉ်၏ အစနေရာသစ်၌ နိုင်ငံတော်၏ မဟာဗျူဟာမြောက် သိပ္ပံနည်းပညာ အင်အားအဖြစ် အကျိုးပြု စွမ်းဆောင်ပြီး သိပ္ပံပညာရှင်စိတ်ဓာတ် ထွန်းကားလာအောင် ဆောင်ရွက်နိုင်ရန်၊ အင်ဂျင်နီယာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို ဦးစီး ဆောင်ရွက်ပြီး အရေးကြီးသည့် သော့ချက်ကျ နည်းပညာများတွင် ထိုးဖောက် တိုးတက်မှုများ ဆောလျင်စွာ ရရှိနိုင်ရန်၊ နိုင်ငံတော်၏ အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့ အဖြစ် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်၊ အရည် အချင်း မြင့်မားသော သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ့်ကိုယ်ကို အားကိုး အားထား ဖြစ်ရေးကို ဖော်ဆောင်စေဖို့၊ သိပ္ပံနည်းပညာ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်စေဖို့ အတွက် ပိုမို ကြီးမားစွာ အကျိုးပြု စွမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြ ထားပါသည်။

   တရုတ် အင်ဂျင်နီယာ တံခွန်အသင်းသည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း၌ အင်ဂျင်နီယာ သိပ္ပံနည်းပညာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပြီး "သိပ္ပံနည်းပညာ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးကို တွန်းအားပေးခြင်း" ဆောင်ပုဒ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှေရှန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး ရှီကျင့်ဖိန်၏ ဂုဏ်ပြုလွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။