ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရမည်၊ တရားမျှတမှု ကြာရှည် ပျက်ကွက်လို့မရပေ

(GMT+08:00)2024-06-01 10:17:42  

   အစ္စရေးက ဂါဇာဒေသ၌ စစ်ရေး ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်ခဲ့သည့် မေလ ၃၀ ရက်နေ့မှာ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့် ဘေကျင်းမြို့တွင် ကျင်းပခဲ့သည့် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၁၀ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး၌ ပါလက်စတိုင်း အရေးဆိုင်ရာ တရုတ်နှင့် အာရပ်နိုင်ငံများ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချကတွင် ဂါဇာ ပဋိပက္ခ အမြန်ဆုံး ရပ်စဲစေဖို့ တွန်းအားပေးရန်နှင့် ပါလက်စတိုင်း ပြဿနာကို ဘက်စုံ ရေရှည် တရားမျှတစွာ ဖြေရှင်းစေဖို့ တွန်းအားပေးရန် ပန်ကြားထားပါသည်။

  အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စစ်ပွဲကို ကန့်သတ်မှုမဲ့ ဆက်လက် ပြုလုပ်လို့ မရကြောင်း၊ တရားမျှတမှုသည် ကြာရှည် ပျက်ကွက်လို့ မရကြောင်း၊ နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်းကို ယိမ်းခါစေလို့ မရကြောင်း ပြောကြားခဲ့ပါသည်။

   အစည်းအဝေးမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် တရုတ်နှင့် အာရပ်နိုင်ငံများသည် အစ္စရေး၏ ပါလက်စတိုင်း ပြည်သူများအား ဆက်တိုက် ကျူးလွန်ထိပါးမှုများကို ပြစ်တင် ရှုတ်ချခဲ့သည်။ လုံခြုံရေးကောင်စီ အနေနှင့် ချုပ်ထိန်းနိုင်စွမ်း ရှိသည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြီး ဘက်စုံ ရေရှည် အပစ်အခတ် ရပ်စဲခြင်း ဖော်ဆောင်စေရန်၊ ပါလက်စတိုင်း ပြည်သူများအား အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းကို ရပ်စဲစေရန်၊ ကယ်ဆယ်ရေးပစ္စည်းများကို ဂါဇာသို့ ပို့ဆောင်လာဖို့ အာမခံပေးရန် တောင်းဆိုထားပါသည်။ နှစ်ဖက်တို့က နှစ်နိုင်ငံ ဖြေရှင်ရေးနည်းလမ်းသည် ပါလက်စတိုင်း ရေးရာကို ဖြေရှင်းရန် တစ်ခုတည်းသော လက်တွေ့ကျသည့် လမ်းကြောင်း ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ဖော်ပြခဲ့သည်။ ယင်းသည် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ပြန့်သော သဘောတူညီမှုကို ပြသထားပါသည်။

   တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်သော နိုင်ငံကြီးတစ်နိုင်ငံ အနေနှင့် တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့် ဆက်လက် အတူရပ်တည်ပြီး ပါလက်စတိုင်း ရေးရာကို ဆောလျင်စွာ ဘက်စုံ ရေရှည် တရားမျှတစွာ ဖြေရှင်းစေရန်၊ စစ်ဘေးဒုက္ခများ ခံစားနေရသော အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး ရရှိစေရန် ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။