တရုတ်- အာရပ်နိုင်ငံများ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု အရှိန်မြင့်လာမည်

(GMT+08:00)2024-05-31 13:23:09  

ယခုလ ၃၀ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာရပ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမ အကြိမ်မြောက် ဝန်ကြီးအဆင့်အစည်း အဝေး ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် ၂၀၂၆ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ယင်းသည် တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေး၏ နောက်ထပ်မှတ်တိုင် တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် ယခုအကြိမ် အစည်းအဝေး၏ အရေးအကြီးဆုံး အောင်ကျိုးရလဒ် ဖြစ်ပါသည်။ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာရပ်နိုင်ငံများ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု အရှိန်မြင့်တင်ရန် အတွက် လာမည့် အဆင့်ကာလတွင် တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် အာရပ် နိုင်ငံများနှင့် “ပူးပေါင်းဆောင်ရွက်မှု ၅ခု” တည်ဆောက်ရေး ကြံဆချက်ကို ဖော်ပြခဲ့ပါသည်။ ထိုနေ့တွင် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သော အာရပ်စော်ဘွားများ နိုင်ငံ သမ္မတ Mohammedbin Zayed al-Nahyanက ဆိုရှယ် မီဒီယာတွင် အာရပ်နိုင်ငံများနှင့် တရုတ် နိုင်ငံ အကြားရှိ ဆက်ဆံရေးသည် သမိုင်းဝင် အနက်အဓိပ္ပါယ် ရှိကြောင်း တရုတ်ဘာသာဖြင့် ရေးသားဖော်ပြပါသည်။

ဘာရိမ်း၊ အီဂျစ်၊ တူနီးရှားနှင့် အာရပ်စော်ဘွားများ နိုင်ငံ ၄နိုင်ငံတို့မှ ထိပ်သီး ခေါင်းဆောင်တို့သည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ တရုတ်နှင့် အာရပ်နိုင်ငံများသည် “ဘေကျင်းကြေညာချက်”၊ “တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဆောင်ရွက်ချက်စီမံကိန်း” အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။

စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွင် သမားရိုးကျ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပြင် တရုတ်ဘက်မှ “အာရပ်နိုင်ငံများတွင် စုစုပေါင်း သိုလှောင် ဓာတ်အား ကီလိုဝပ် ၃သန်းကျော် ရှိသော ပြန်ပြည့်မြဲစွမ်းအင် လုပ်ငန်း အစီအစဉ်များ၌ ပါဝင်ဆောင်ရွက်ရန် တရုတ် စွမ်းအင် လုပ်ငန်း ကုမ္ပဏီများနှင့် ငွေကြေး လုပ်ငန်းဌာနများအား အားပေးထောက်ခံမည်”ဟု ဖော်ပြပါသည်။ ထို့အပြင် တရုတ်ဘက်မှ ယွမ်ငွေ ၃ဘီလီယံ တန်ဖိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအဉ်များကို ဆက်လက် တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း အာရပ်နိုင်ငံများမှ နိုင်ငံရေး ပါတီ ခေါင်းဆောင် ၂၀၀ဦးကို တရုတ် နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း၊ လာမည့် ၅နှစ် အတွင်း ခရီးသည် ၁၀သန်း အပြန်အလှန် ခရီးသွားလာနိုင်အောင် အကောင်အထည် ဖော်ဆောင်ရန် အာရပ်နိုင်ငံများနှင့် အတူ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါသည်။ ယင်း စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ဆိုင်ရာ တိကျသည့် စီမံချက်များသည် တရုတ်-အာရပ် နိုင်ငံများ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်သည်။

ယခုအကြိမ် အစည်းအဝေးမှ “ပါလက်စတိုင်း ပြဿနာ ဆိုင်ရာ တရုတ်နှင့် အာရပ်နိုင်ငံများ၏ ပူးတွဲ ကျေညာချက်”ကို ထုတ်ပြန်ပြီး ဂါဇာ ကမ်းမြောင်တွင် ပဋိပက္ခ အမြန်ဆုံး အဆုံးသတ်စေပြီး ပါလက်စတိုင်း ပြဿနာကို ဘက်စုံ ရေရှည် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းရေး တွန်းအားပေးရန် အတွက် တရားမျှတသော တောင်းဆိုချက်ကို ဖော်ပြပါသည်။

ယခုနှစ်သည် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တည်ထောင် ခဲ့သည့် နှစ်၂၀ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေးကို အစပြုပြီး တရုတ်နှင့် အာရပ်နိုင်ငံများသည် လက်တွေ့ ဆောင်ရွက်မှုများဖြင့် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမို ထွန်းလင်းတောက်ပသော လာမည့် နှစ်၂၀တာကာလကို ဖွင့်လှစ်ပေးပြီး ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေသော ကမ္ဘာ အတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် သေချာမှုများကို ဖော်ဆောင်ပေးမည် ဖြစ်သည်။