“အမေရိကန် ပုံစံ လူ့အခွင့်အရေး”ဆိုသည်မှာ အထူး အခွင့်အရေးနှင့် ဗိုလ်ကျစိုးမိုးရေး အာဏာပင်ဖြစ်

(GMT+08:00)2024-05-30 10:30:09  

ယခုလ ၂၉ရက်နေ့တွင် တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် “၂၀၂၃ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု အစီရင်ခံစာ”ကို ထုတ်ပြန်ပြီး သေချာတိကျသော ကိန်းဂဏန်းစာရင်းနှင့် အချက်အလက်များဖြင့် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု အဖြစ်မှန်ကို ဖော်ထုတ်ပါသည်။

အစီရင်ခံစာတွင် ၂၀၂၃ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး အခြေအနေသည် ဆက်တိုက် ဆိုးရွားလာကြောင်း၊ အမေရိကန် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ ဆင်းရဲချမ်းသာကွာဟမှု တိုးလာကြောင်း၊ ပြည်တွင်း နိုင်ငံရေး ပါတီများ အကြားရှိ တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားကြောင်း၊ နိုင်ငံခြားမှ ရွှေ့ပြောင်း နေထိုင်သူများအား ဆိုးရွားစွာ သိမ်းကျုံးဆန့်ကျင်ရေးနှင့် ခွဲခြားမှုများ ပြုလုပ်ကြောင်း၊ “အမေရိကန် ပုံစံ လူ့အခွင့်အရေး”သည် “အမေရိကန် ပုံစံ အထူး အခွင့်အရေး” ဖြစ်လာပြီ ဖြစ်ကြောင်း၊ ယင်းပြဿနာများတွင် အသိသာထင်ရှားဆုံး ပြဿနာ တစ်ခုမှာ လူမျိုးရေး ခွဲခြားမှု ပြဿနာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ သီးခြား လွတ်လပ်သော နိုင်ငံတကာ ပညာရှင် စနစ် တစ်ခုမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အာဖရိက အနွယ်ဖွား အမေရိကန် နိုင်ငံသားများ အပေါ် စည်းစနစ်ကျသော လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် ရဲအဖွဲ့များနှင့် ရာဇဝတ်မှု တရားရေး စနစ်သို့ စိမ့်ဝင်လာခဲ့ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်၏ ဆင်းရဲချမ်းသာကွာဟမှုသည် ၁၉၂၉ခုနှစ် စီးပွားရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အဆိုးရွားဆုံး ဖြစ်ပါသည်။ သက်ဆိုင်ရာ စာရင်းအရ ၂၀၂၃ခုနှစ် တတိယ ၃လပတ်တွင် အမေရိကန်၌ ဝင်ငွေ အများဆုံး ရရှိသူများ၏ ၁၀ရာခိုင်နှုန်းသည် အမေရိကန်ဓနဥစ္စာစုစုပေါင်း၏ ၆၆.၆ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်း၊ ဝင်ငွေ အနည်းဆုံး ရရှိသူများ၏ ရာခိုင်နှုန်း ၅၀ ကတော့ အမေရိကန် ဓနဥစ္စာစုစုပေါင်း၏ ၂.၆ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၃ခုနှစ် အမေရိကန်၌ ၂၁ရာစုနှစ် နောက်ပိုင်းတွင် အတိုင်းအတာ အကြီးမားဆုံး သပိတ်မှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရုပ်ရှင်၊ ရုပ်သံ၊ ကုန်ထုတ်လုပ်မှု၊ ဆေးဝါးကုသရေး၊ မီဒီယာ အပါအဝင် လုပ်ငန်းနယ်ပယ်များစွာတွင် အတိုင်းအတာ ကြီးမားသော သပိတ်မှောက်မှု ဖြစ်ပွားခဲ့သည်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ Gallupမှ ပြုလုပ်ခဲ့သော ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူမှု ဖြေဆိုသူ ၇၆ရာခိုင်နှုန်းမှ ၈၁ရာခိုင်နှုန်း အထိက အမေရိကန် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ အပေါ် မကျေမနပ် ဖြစ်မိကြောင်း ယူဆကြ ပါသည်။ ဖြေဆိုသူ ၇၆ရာခိုင်နှုန်းက အမေရိကန်သည် မှားယွင်းသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း အတိုင်း ချီတက်နေကြောင်း ယူဆကြပါသည်။

ထို့အပြင် တစ်နေ့တခြား ဆိုးရွားလာသော နိုင်ငံရေး ဆိုင်ရာ ကွဲပြားလာမှုသည် အမေရိကန် လူ့အဖွဲ့အစည်းများကို တစ်ကွဲတစ်ပြား ဖြစ်စေပြီး အမေရိကန် ပြည်သူများ၏ ယုံကြည်မှုကို တစ်ဆင့်တိုး ယိမ်းခါခဲ့သည်။

အမေရိကန် အစိုးရသည် လူ့အခွင့်အရေးကို အကြောင်းပြပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန်နှင့် အမေရိကန် ဗိုလ်ကျမှု အာဏာ ထိန်းသိမ်း ကာကွယ်ရန် လက်ကိုင်တုတ် အဖြစ် အသုံးပြုပြီး ဆိုးရွားသော လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို ဖြစ်စေကာ ကမ္ဘာ့ လူ့အခွင့်အရေး လုပ်ငန်းကို ဖျက်ဆီးနေပါသည်။

“အမေရိကန် ပုံစံ လူ့အခွင့်အရေး”ဆိုသည်မှာ အမေရိကန်ပြည်တွင်း လူအနည်းစုသာ ခံစားရရှိနိုင်သော အထူး အခွင့်အရေး ဖြစ်ပြီး အခြား နိုင်ငံများ အပေါ် ကြိုက်သလို ကျင့်သုံးနေသည့် ဗိုလ်ကျစိုးမိုးရေး အာဏာပင် ဖြစ်ကြောင်း လူအများက ရှင်းရှင်းလင်းလင်း သိမြင်လာပြီ ဖြစ်ပါသည်။