WHOတွင် ထိုင်ဝမ် ပါဝင်ရန် ကြံစည်ဆောင်ရွက်ခြင်း ၈ကြိမ် ဆက်တိုက် ရှုံးနိမ့်မှုသည် ထိုင်ဝမ် သီးခြားတည်ရှိရေးက ထွက်ပေါက်မရှိကြောင်း သက်သေပြ

(GMT+08:00)2024-05-29 14:21:04  

ဒေသ စံတော်ချိန် ယခုလ ၂၇ရက်နေ့၌ ကျင်းပခဲ့သည့် ၇၇ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးညီလာခံ(WHA)တွင်   “ထိုင်ဝမ်ဒေသကို လေ့လာသူအဖြစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ ပါဝင်စေရန်” အဆိုပြုချက်ကို ရှင်းလင်းပြတ်သားစွာ ငြင်းပယ်ခဲ့ပါသည်။ WHAသည် ထိုင်ဝမ် ဒေသ ပါဝင်ရန် အဆိုပြုချက်ကို ၈နှစ် ဆက်တိုက် ငြင်းဆိုခဲ့ပါသည်။ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးက အများပြည်သူ၏ ဆန္ဒနှင့်ကိုက်ညီမှု ဖြစ်ပြီး သမိုင်းရေစီးကြောင်းလည်း ဖြစ်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေးက ထွက်ပေါက်မရှိ ကြောင်း ပြဆိုနေပါသည်။

တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈နှင့် ကမ္ဘာ့ ကျန်းမာရေး ညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၅.၁မှ သတ်မှတ်ထားသည့် အခြေခံ မူဝါဒ ဖြစ်ပြီး WHA အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ထိုင်ဝမ် ဒေသ ပါဝင်ရန် ကြိုတင် လိုအပ်ချက်လည်း ဖြစ်ပါသည်။ WHAမှ ထိုင်ဝမ် ဒေသ ပါဝင်ရန် အဆိုပြုချက်ကို ၈နှစ် ဆက်တိုက် ငြင်းဆိုခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို ထိန်းသိမ်းကာကွယ်ရသည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ပြန့်သော သဘောတူညီချက်ကို ဖော်ပြနေပါသည်။

၂၀၀၉ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ထိုင်ဝမ်‌ ဒေသသည် “တရုတ် တိုင်ပေ”အမည်ဖြင့် လေ့လာသူ အဖြစ် WHAတွင် ပါဝင်ခဲ့ခြင်းသည် ရေလက်ကြား နှစ်ဖက်ကမ်းတို့က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြသသော “၁၉၉၂ သဘောတူညီမှု”၏ အခြေခံပေါ်တွင် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အထူးပြုထားသော အစီအစဉ် ဖြစ်ပါသည်။ ၂၀၁၆ခုနှစ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီသည် ထိုင်ဝမ် သီးခြား တည်ရှိရေးကို စွဲကိုင်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စိန်ခေါ်သောကြောင့် WHOတွင် ပါဝင်ရန် ကြံစည်ဆောင်ရွက် ခြင်း ၈ကြိမ် ဆက်တိုက် ရှုံးနိမ့်ခြင်းသည် ဧကန်မလွဲ ဖြစ်ပေါ်လာသည့် အကျိုးဆက် ဖြစ်ပါသည်။

WHAတွင် ထိုင်ဝမ်အား ပါဝင်ခွင့် မပေးခြင်းကြောင့် နိုင်ငံတကာ ကပ်ရောဂါ ကာကွယ်ရေး စနစ်တွင် ချွတ်ယွင်းချက် ဖြစ်စေမည် ဟူသော ပြောဆိုချက်သည် အထောက်အထား လုံးဝ မရှိပေ။ တရုတ် ဗဟို အစိုးရသည် ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာတွင် ထိုင်ဝမ် ဒေသ ပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ သင့်လျော်ပြေလည်စွာ စီစဉ်ပေး ပါသည်။ ထိုင်ဝမ်ဒေသတွင် “နိုင်ငံတကာ ကျန်းမာရေး စည်းကမ်း” ဆိုင်ရာ ဆက်သွယ်ရေး ဌာန ထားရှိပြီး WHOမှ ထုတ်ပြန်သော ရှောင်တခင် ဖြစ်ပွားသည့် အများပြည်သူ့ ကျန်းမာရေး ကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အချိန်မီ ရရှိနိုင်သလို WTOထံသို့ အချိန်မီ အကြောင်းကြားနိုင်သည်။ ထို့ကြောင့် လက်ရှိ WHOနှင့် ရေလက်ကြား နှစ်ဖက်ကမ်း မူဘောင် အတွင်း ထိုင်ဝမ်၏ ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ဘက်ပေါင်းစုံ ဖလှယ်ရေးနှင့် အကြောင်းကြားရေး လမ်းကြောင်း အဟန့်အတား မရှိဘဲ စနစ် ပြည့်စုံကာ ထိုင်ဝမ် မွေးချင်း ပေါက်ဖော်များ၏ ကျန်းမာရေး အခွင့်အရေး ဆိုင်ရာ အာမခံချက် အပြည့်အဝ ရှိပါသည်။ အများပြည်သူ့ ကျန်းမာရေးဆိုသည်မှာ ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ၏ နိုင်ငံခြား အင်အားကို အားကိုးပြီး ထိုင်ဝမ် သီးခြား တည်ရှိရေး ရှာကြံသည့် ဗန်းပြမှုပင် ဖြစ်ပါသည်။

အမေရိကန်က လွန်ခဲ့သည့် နှစ်များတွင် ထိုင်ဝမ်အား WHAတွင် ပါဝင်ရန် အားပေးသည့် တကယ့်ရည်ရွယ်ချက်မှာ အများပြည်သူ ကျန်းမာရေးကို အကြောင်းပြုပြီး ထိုင်ဝမ်ကို အသုံးပြုကာ တရုတ် နိုင်ငံကို ထိန်းချုပ်ဟန့်တားရန် ဖြစ်သည့် အပြင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ် ပြုကြခြင်း အပေါ် စိန်ခေါ်ရန်လည်း ဖြစ်ပါသည်။

မကြာသေးမီ အချိန်ပိုင်းက ကမ္ဘာပေါ်တွင် နိုင်ငံ အများစုသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ကို စွဲကိုင်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြတ်ပြတ်သားသား အားပေးထောက်ခံကာ WHAတွင်   ထိုင်ဝမ်ဒေသ ပါဝင်ရန် ဆန့်ကျင်ကြောင်း တရုတ်ပြည်အား ထပ်မံ ဖော်ပြခဲ့ပါသည်။ နိုင်ငံ၁၀၀ကျော်တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်ထံသို့ သီးခြားစာပေးပို့ခြင်း စသည့်နည်းလမ်းများဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ထောက်ခံကြသည်ဟု ဖော်ပြခဲ့ပါသည်။

ကမ္ဘာပေါ်တွင် တရုတ် နိုင်ငံ တစ်ခုသာ ရှိပြီး ထိုင်ဝမ်သည် တရုတ် နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ပါသည်။ ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာပိုင်နှင့် နိုင်ငံ အနည်းစုတို့ မည်သို့ပင် ဝါဒဖြန့်သည် ဖြစ်စေ ယင်းအဖြစ်မှန်ကို ပြောင်းလဲစေနိုင်မည် မဟုတ်ပါ။ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် ခိုင်မာပါသည်။ “ပြည်ပမှ အင်အားကို အားကိုးပြီး ထိုင်ဝမ် သီးခြား တည်ရှိရေးကို ရှာကြံရေး”နှင့် “ထိုင်ဝမ်ဖြင့် တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”သည် ရှုံးနိမ့်မည်မှာ မုချမလွဲ ဖြစ်ပါသည်။