တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်း ဆောင်ရွက်ရေး အရှိန်မြင့်လာ

(GMT+08:00)2024-05-28 13:15:33  

ယခုနှစ်သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးစနစ် ထားရှိခဲ့ခြင်း ၂၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ၂၇ ရက်နေ့တွင် နဝမအကြိမ်မြောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးကို တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့ပါသည်။ ၃နိုင်ငံတို့သည် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး လွန်ခဲ့သည့် အကြိမ် အစည်းအဝေးမှ အတည်ပြုပြဋ္ဌာန်းခဲ့သော “လာမည့် ဆယ်နှစ်တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက်”ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ဖို့ ကြိုးပမ်းဆောင်ရွက်ရန် တစ်ညီတစ်ညွတ်တည်း သဘောတူ ကြပါသည်။

ယခုအကြိမ် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေး ကျင်းပခြင်းသည် ဂျပန်နှင့် တောင်ကိုရီးယား၏ တရုတ် နိုင်ငံ အပေါ် မူဝါဒက ဆင်ခြင်တုံတရားကို ပြန်လည်ရရှိခြင်းနှင့် ၃နိုင်ငံ အကြား နိုင်ငံရေး အရိပ်အယောင် ပြန်လည်နွေးထွေးလာခြင်းကို ထင်ဟပ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ပြောကြားပါသည်။ အစည်းအဝေးတွင်  အောင်ကျိုးရလဒ်များ ရရှိခြင်းသည် ၃နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ပြန်လည်စတင်ခြင်းကို ပြဆိုနိုင်ကြောင်း အများက ယူဆကြပါသည်။         

အစပြုရာသစ်ကို မူတည်ပြီး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်း ဆောင်ရွက်ရေးကို မည်သို့ အရှိန်မြှင့် ဆောင်ရွက်မည်နည်း။ တရုတ် ဝန်ကြီးချုပ် လီချန်သည်  အစည်းအဝေးတွင်  အဆိုပြုချက် ၅ရပ်ကို တင်ပြပြီး ပူးပေါင်းဆောင်ရွက်မှု ဘက်စုံ ပြန်လည် ပြုလုပ်ခြင်းကို တွန်းအားပေးရန်၊ စီးပွားကုန်သွယ်ရေး အပြန်အလှန် ချိတ်ဆက်မှုကို နက်ရှိုင်းစေရန်၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်ရန်၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အားဖြည့်ဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ပန်ကြားခဲ့ပါသည်။ ယင်းသည် ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တက်ကြွစွာ တုံ့ပြန်မှုကို ရရှိခဲ့ပါသည်။ ၄င်းတို့က ယခုအကြိမ် အစည်းအဝေးကို အစပြုပြီး ၃နိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး တည်ငြိမ်မှုနှင့် ဆက်တိုက်ဆောင်ရွက်မှုကို ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။ ယင်းသည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အကြား ဘုံအကျိုးစီးပွားနှင့် ပူးပေါင်း ဆောင်ရွက်ရေး အခွင့်အလမ်း များစွာ ရှိပြီး စည်းလုံးညီညွတ်ရေးနှင့် ညှိနှိုင်းဆောင်ရွက် ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို အတူတကွ ရှာကြံနိုင်ကြောင်း အပြည့်အဝ ဖော်ပြပါသည်။

၃ပွင့်ဆိုင် ပူးတွဲ ကြေညာချက်တွင် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း နက်ရှိုင်းစေရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားကုန်သွယ်ရေး၊ အများပြည်သူ ကျန်းမာရေးနှင့် ဘေးဒဏ် ကယ်ဆယ်ရေး စသည့် နယ်ပယ် ၆ခု၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။ ဂျပန် Kyodo Newsက ယင်းသည် ကျယ်ပြန့်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ၃နိုင်ငံတို့၏ စိတ်ပိုင်းဖြတ်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အပေါ် တာဝန်ယူတတ်ခြင်းကို ပြဆိုနိုင်ကြောင်း ရေးသားဖော်ပြပါသည်။