တာဂျစ်ကစ္စတန် သမ္မတ ရာဟမွန်သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-05-19 16:16:47  

 တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ ရာဟမွန်သည် မေလ ၁၈ ရက်နေ့မှာ ဒူရှန်ဘီမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာ ဝမ်ယိက လွန်ခဲ့သည့်နှစ် မေလတွင် သမ္မတသည် တရုတ်- အလယ်အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံ၌ တရားဝင် ခရီး လှည့်လည်ရန် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ဘိုးစဉ်မြေးဆက် ချစ်ခင်ရင်းနှီးသော၊ အေးအတူ ပူအမျှ ဖြစ်သော၊ အပြန်အလှန် အကျိုးရှိစေသော ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ကြောင်း ကြေညာ ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးအတွက် ရည်မှန်းချက်ကို ချမှတ်ထားကြောင်း၊ တာဂျစ်ကစ္စတန်က ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ဆက်လက် ပြတ်ပြတ်သားသား ထောက်ခံမည် ဖြစ်ပြီး ပြင်ပမှ အင်အားစုများ တာဂျစ်ကစ္စတန် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။

  သမ္မတ ရာဟမွန်က တရုတ်နိုင်ငံနှင့် ဆက်ဆံမှု တိုးမြှင့်ရေးသည် တာဂျစ်ကစ္စတန် နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး ဦးတည်ချက် ဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန် အနေနှင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဦးလည်မသုန် စွဲကိုင်မည် ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ယူဆကြောင်း၊ တရုတ်နိုင်ငံနှင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို မြှင့်တင်ရန်၊ စီးပွားကုန်သွယ်ရေး၊ စွမ်းအင်၊ သတ္တုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ အစိမ်းရောင် စက်မှုလုပ်ငန်း၊ AI စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။