ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Jean Pierre RAFFARIN နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

(GMT+08:00)2024-05-18 17:57:08  

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်စဉ်တွင် တရုတ်-ပြင်သစ်သည် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုကိုမြှင့်တင်ကာ အပြန်အလှန်နားလည်သိရှိအောင် ကြိုးပမ်းရမည်ဟု ဆိုခဲ့သည်။ ယခုနှစ်သည် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၆၀) ပြည့်ဖြစ်ပြီး တရုတ်-ပြင်သစ် ယဉ်ကျေးမှုခရီးသွားလာရေးနှစ်လည်းဖြစ်သည်။ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Jean Pierre RAFFARIN  က “အဆင့်မြင့် တွေ့ဆုံမေးမြန်းမှု” ၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Jean Pierre RAFFARIN က လက်ရှိကမ္ဘာအခြေအနေတွင် နိုင်ငံတော်၏အင်အားသည် နိုင်ငံတကာအခင်းအကျင်းကို ဖန်တီးနေသောကြောင့် ဥရောပတိုက်သည် မိမိ၏အင်အားကို ပိုမိုမြှင့်တင်သင့်ကြောင်း၊ ဥရောပတိုက်သည် ဟန်ချက်ထိန်းညှိသည့်အင်အားအနေဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား၊ G7 အဖွဲ့နှင့် BRICS နိုင်ငံများအကြားတွင် အဆိုပါအခန်းကဏ္ဍကနေ ပါဝင်နိုင်ကြောင်း၊ ဥရောပတိုက်သည် ကိုယ်တိုင်ဆုံးဖြတ်နိုင်သော၊ လွတ်လပ်သောနိုင်ငံအနေဖြင့် ကမ္ဘ့ာအခင်းအကျင်းတွင် အသင့်အတင့်အတိုင်းအတာ တစ်ခုမှပါဝင်နေကြောင်း၊ တရုတ်နိုင်ငံကဲ့သို့ပင် ဥရောပတိုက်သည်လည်း ကမ္ဘာ့အခြေအနေကို ဟန်ချက်ထိန်းညှိနိုင်သူဖြစ်နိုင်သည်ဟု မိမိယူဆကြောင်း ပြောကြားခဲ့သည်။

Jean Pierre RAFFARIN က ဥရောပတိုက် အထူးသဖြင့် ပြင်သစ်-ဂျာမနီ ဆက်ဆံရေးသည် ကြီးမားသောလွှမ်းမိုးနိုင်စွမ်းရှိကြောင်း၊ ဥရောပတိုက်သည် တောင့်တင်းသော စက်မှုစွမ်းရည်ရှိသကဲ့သို့ ကြီးမားသော နိုင်ငံရေးဆိုင်ရာ အကျိုးသက်ရောက်နိုင်စွမ်းလည်းရှိကြောင်း၊ လက်ရှိတွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသော်လည်း ဥရောပတိုက်သည် ကြီးမားသော စည်းလုံးညီညွတ်မှုစွမ်းရည် ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့သည် Charles de Gaulle ဗိုလ်ချုပ်၏ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ တုန်းက ဖန်တီးထားသည့်လမ်းကြောင်းကို လိုက်နာရန် မျှော်လင့်ကြောင်း၊ ဥရောပတိုက်၏ နိုင်ငံခြားရေးမူဝါဒသည် ဥရောပတိုက်၏အကျိုးစီးပွားကို ထိန်းသိမ်းနိုင်သည့် တစ်ချိန်တည်းတွင် ဘက်အသီးသီးနှင့်ဆွေးနွေးကာ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောစွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သွားရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။