ရှီကျင့်ဖိန် နှင့် ပူတင် တို့သည် တရုတ်-ရုရှား ယဉ်ကျေးမှုနှစ် ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-ရုရှားနှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ် ထားရှိသည့် ၇၅နှစ်ပြည့်မြောက် ခြင်း အထူးဂီတပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့

(GMT+08:00)2024-05-17 14:24:06  

မေလ ၁၆ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတ ပူတင် တို့သည် ဘေကျင်းမြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသော တရုတ်-ရုရှား ယဉ်ကျေးမှုနှစ် ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-ရုရှားနှစ်နိုင်ငံအကြား သံတမန်အဆက် အသွယ် ထားရှိသည့် ၇၅နှစ်ပြည့်မြောက်ခြင်း အထူးဂီတပွဲသို့ တက်ရောက်ပြီး  အမှာစကား ပြောကြားခဲ့ကြပါသည်။
    သမ္မတ ရှီကျင့်ဖိန် က ယခုနှစ်သည် တရုတ်-ရုရှားနှစ်နိုင်ငံအကြား သံတမန် အဆက် အသွယ်ထားရှိသည့် ၇၅နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်-ရုရှား ထာဝရ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိစေရေးတို့ကို အဆက်မပြတ် ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်မှန်းချက်နှင့် ခေတ် ဖွံ့ဖြိုး တိုးတက်ရေး ရေစီးကြောင်းနှင့် ကိုက်ညီသဖြင့် အစားထိုး၍ မရသော အရေးကြီးသည့် အဓိပ္ပာယ် ရှိကြောင်း၊ ၂၀၂၄ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ တရုတ်-ရုရှားယဉ်ကျေးမှုနှစ်ကို ပူးတွဲကျင်းပရန် ၂၀၂၃ခုနှစ် က မိမိအနေဖြင့် သမ္မတ ပူတင် နှင့်အတူ ဆွေးနွေးဆုံးဖြတ် ခဲ့ကြကြောင်း၊ ယနေ့တွင် နှစ်ဦးနှစ်ဖက်တို့သည် ၄င်းယဉ်ကျေးမှုပွဲတော်ကို တရားဝင် ဖွင့်လှစ်ပေး လိုက်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစီမံကိန်းများကို အကောင်အထည် ဖော်ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာကို တစ်ဆင့်တက်ဖော်ထုတ်မည် ဖြစ်ကာ တရုတ်-ရုရှားယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၏ အနာဂတ်သစ်ကို အတူတကွဖန်တီးကြမည် ဖြစ်ကြောင်း၊ ၄င်းမှာ တရုတ်-ရုရှားချစ်ကြည်ရေး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခြင်း၊ နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် သိရှိ နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှု အတွက် စွမ်းအားသစ်ကို ထည့်သွင်းပေးမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
    သမ္မတ ရှီကျင့်ဖိန် က တရုတ်-ရုရှားနှစ်နိုင်ငံ၏ အမျိုးသားတေးဂီတများသည် ကမ္ဘာ့ယဉ်ကျေးမှုဥယျာဉ်တွင် လှပသော ပန်းမာလာများ ဖြစ်ကြကြောင်း၊ ယနေ့ ညတွင် ကျင်းပသော ဂီတပွဲသည် တရုတ်-ရုရှားယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာရေးအတွက် ရသမြောက်သည့်ပွဲတော် တစ်ခုဖြစ်လာလိမ့်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-ရုရှား ယဉ်ကျေးမှုနှစ် ဟူသော အခွင့်ကောင်းကို ယူပြီး တရုတ်-ရုရှားနှစ်နိုင်ငံ အကြား သံတမန်အဆက်အသွယ်ထားရှိသည့် ၇၅နှစ် ပြည့် မြောက်ခြင်းကို အစသစ်အဖြစ် ထားကာ ချစ်ကြည်ရေးကို ပိုမိုထွန်းကားလာစေပြီး လက်တွဲကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ပိုမို ထွန်းလင်း တောက်ပလာစေပြီး တရုတ်-ရုရှား ချစ်ခင်ရင်းနှီးသော အနာဂတ်ကို အတူတကွ ဖန်တီးကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
    သမ္မတ ပူတင် က မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန် မှ ရုရှား-တရုတ်ဆက်ဆံရေးအပေါ် တန်ဖိုးထားချီးကျူးမှုကို လုံဝထောက်ခံပါကြောင်း၊ ရုရှား-တရုတ်နှစ်နိုင်ငံပြည်သူများသည် ညီအစ်ကိုကဲ့သို့ ခင်မင်ရင်းနှီးကြကြောင်း၊ ရုရှားပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများမှ ကြီးမားသောအောင်မြင်မှုများ ရရှိခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး အားကျကြောင်း၊ ရုရှား-တရုတ်နှစ်နိုင်ငံအကြား သံတမန် အဆက်အသွယ်ထားရှိသည့် ၇၅နှစ်အတွင်း၌ နှစ်နိုင်ငံအကြားဆက်ဆံရေးတွင် တန်ဖိုးထား အတွေ့အကြုံများစွာ ရရှိပြီး ယခုအချိန်၌ သမိုင်းဝင်အကောင်းဆုံးသော အချိန် ကာလတွင် တည်ရှိနေကြောင်း၊ ရုရှား-တရုတ်ဆက်ဆံရေးမှာ နှစ်နိုင်ငံပြည်သူများအား အကျိုး ပြုစွမ်းဆောင်ပြီး နိုင်ငံတကာဆက်ဆံရေးစံနမူနာကို ထူထောင်ကြောင်း၊ ရုရှား- တရုတ် နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထားရှိသည့် ၇၅နှစ်ပြည့်မြောက်သည့် အခါ သမယတွင် ရုရှား-တရုတ်ယဉ်ကျေးမှုနှစ်ကို ကျင်းပခြင်းမှာ အရေးကြီးသော အဓိပ္ပာယ် ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို ပိုမိုနက်ရှိုင်းစေပြီး အချင်းချင်းနားလည်မှုကို တိုးပွားစေကာ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ် အရည်အသွေးနှင့် အဆင့်အတန်း မြှင့်တင်ရန် တွန်းအား ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

    တရုတ်-ရုရှားနှစ်နိုင်ငံ ထပ်သီးခေါင်းဆောင်များသည် တရုတ်-ရုရှားနှစ်နိုင်ငံမှ အနုပညာရှင်များ တင်ဆက်ပြသသော အစီအစဉ်များကို အတူတကွကြည့်ရှုခဲ့ကြပါသည်။
    တရုတ်-ရုရှားနှစ်နိုင်ငံ လုပ်ငန်းပေါင်းစုံမှ ချစ်ကြည်ရေးပုဂ္ဂိုလ် ၁၀၀၀ခန့်တို့သည် အခမ်းအနားနှင့် ဂီတပွဲသို့ တက်ရောက်ခဲ့ကြပါသည်။