တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုသည် အမေရိကန် လုပ်ငန်းကုမ္ပဏီ များနှင့် စားသုံးသူများအား ပိုမိုများပြားသည့် ဆုံးရှုံးနစ်နာမှုများ ခံရမည်သာဖြစ်

(GMT+08:00)2024-05-16 15:01:42  

၂၀၁၈ခုနှစ် မတ်လက အမေရိကန် ထရန့် အစိုးရသည် "၃၀၁ စုံစမ်းစစ်ဆေးမှု"ဆိုပြီး တရုတ် နိုင်ငံ အပေါ် ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော်ကာ ကန်ဒေါ်လာ ဘီလီယံ ၃၆၀ခန့် တန်ဖိုးရှိသည့် အမေရိကန်သို့ တင်ပို့သော တရုတ် ကုန်ပစ္စည်းများ အပေါ် အဆင့်ဆင့် အခွန် တိုးမြှင့်ကောက်ယူခဲ့ပါသည်။ ၂၀၂၄ခုနှစ် မေလက အခွန် တိုးမြှင့်ကောက်ခံမှု သက်တမ်းကုန်ဆုံးပြီး လက်ရှိ ဘိုင်ဒင် အစိုးရသည် သက်ဆိုင်ရာ ပြန်လည်စိစစ်ရေး အစီအစဉ်ကို စတင်ကာ ဒေသ စံတော်ချိန် ၁၄ရက်နေ့က ပြန်လည် စိစစ်မှု ရလဒ်ကို ထုတ်ပြန်၍ တရုတ်ထုတ်ကုန်များအပေါ် အခွန် တစ်ဆင့်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ ပါသည်။ အခွန်တိုးမြှင့်ကောက်ခံသည့် တရုတ် ကုန်ပစ္စည်းများတွင် လျှပ်စစ်ယာဉ်(EV)များ၊ လီသီယမ် ဘက်ထရီများ၊ photovoltaic ဘက်ထရီများ၊ အရေးပါသော ဓာတ်သတ္တုများ၊ semiconductor၊ သံမဏိ၊ အလူမီနီယမ်၊ ဆိပ်ကမ်းကရိန်းနှင့် တစ်ကိုယ်ရေ အကာအကွယ် ပစ္စည်းများ စသည့် ကုန်ပစ္စည်းများ ပါဝင်ပါသည်။

Nihon Keizai Shimbunတွင် တရုတ် နိုင်ငံ၏ သက်ဆိုင်ရာ လုပ်ငန်းများသည် အမေရိကန် ဈေးကွက် အပေါ် မှီခိုအားထားသည် မဟုတ်ကြောင်း၊ ထို့ကြောင့် ၄င်းအခွန် တိုးမြှင့် ကောက်ခံမှုသည် တရုတ် လုပ်ငန်း ကုမ္ပဏီများ အပေါ် ဂယက်ရိုက်ခတ်မှု ဖြစ်စေမည် မဟုတ်ကြောင်း ရေးသားဖော်ပြထားပါသည်။ မီဒီယာများစွာကလည်း အမေရိကန်သည် စီးပွားကုန်သွယ်ရေး ပြဿနာကို နိုင်ငံရေး ကိစ္စ ဖြစ်အောင် ဆက်လက် လုပ်ဆောင်ပြီး တရုတ်-အမေရိကန် ပုံမှန် စီးပွားကုန်သွယ်ရေး ဖလှယ်မှုကို အနှောင့်အယှက်ပေးကာ သက်ဆိုင်ရာ လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးမရှိကြောင်း ယူဆကြပါသည်။    

အမေရိကန်၏ တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန် တစ်ဆင့်တိုးမြှင့်ကောက်ခံခြင်း သည်  မှားယွင်းမှု နောက်တစ်ခု ဖြစ်ပါသည်။ သက်ဆိုင်ရာ စာရင်းအရ လက်ရှိ အမေရိကန် ပြည်တွင်း EV အမှတ်တံဆိပ်များ၏ အစိတ်အပိုင်း ပစ္စည်း ရာခိုင်နှုန်း ၃၀မှ ၅၁ရာခိုင်နှုန်းအထိ တရုတ်ပြည်မှ တင်သွင်းခြင်း ဖြစ်ကြောင်း သိရပါသည်။ တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန် တစ်ဆင့်တိုးမြှင့်ကောက်ခံခြင်းသည် EV ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တိုးမြှင့်ပြီး အမေရိကန် ပြည်တွင်း စားသုံးသူများ၏ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးလေးစေကာ နောက်ဆုံးတွင် အမေရိကန် မော်တော်ယာဉ် လုပ်ငန်း အသွင်ကူးပြောင်းခြင်းနှင့် အဆင့်တိုးမြှင့်ခြင်း အပေါ် ဆိုးရွားစွာ ထိခိုက်စေမည်ကို အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်သူများက စိုးရိမ်ကြပါသည်။

အမေရိကန်သည် မည်သို့ပင် ရရာနည်းဖြင့် တရုတ် နိုင်ငံကို ဖိနှိပ်သည် ဖြစ်စေ၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနိုင်မည် မဟုတ်ဘဲ အမေရိကန် လုပ်ငန်းကုမ္ပဏီများနှင့် စားသုံးသူများအား ပိုမိုများပြားသည့် ဆုံးရှုံးနစ်နာမှုများ ခံရမည်သာဖြစ်ပါသည်။