WHOတွင် ထိုင်ဝမ် ပါဝင်ရန် ကြံစည်ဆောင်ရွက်ခြင်း ၈ကြိမ် ဆက်တိုက် ရှုံးနိမ့်

(GMT+08:00)2024-05-15 15:05:21  

၇၇ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ(WHA)၏ မှတ်ပုံတင်ခြင်းသည် ယခုလ ၁၃ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ထိုင်ဝမ် ဒေသသည် WTOတွင် ပါဝင်ရန် ငြင်းဆိုမှု ခံခဲ့ရပါသည်။ ယင်းသည် WHOတွင် ထိုင်ဝမ် ပါဝင်ရန် ကြံစည်ဆောင်ရွက်ခြင်း၏ ၈ကြိမ်မြောက် ရှုံးနိမ့်ခြင်း ဖြစ်ပါသည်။ ယင်းနှင့် ပတ်သက်၍ အချက် ၃ချက်ကို ရှင်းလင်းပြတ်သားအောင် သိရှိရန် လိုအပ်သည်။

ပထမအချက်က ထိုင်ဝမ်ဒေသသည် ဗဟို အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ WHAတွင် ပါဝင်ရန် အရည်အချင်းနှင့် အခွင့်အရေး မရှိပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈နှင့် WHA၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် 25.1တွင် သတ်မှတ်ထားသော အခြေခံမူများ အရ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရသည် တရုတ် တစ်နိုင်ငံလုံးကို ကိုယ်စားပြုထားသည့် တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ကြောင်း သိရပါသည်။ ၂၀၀၉ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ထိုင်ဝမ်‌ ဒေသသည် “တရုတ် တိုင်ပေ”အမည်ဖြင့် လေ့လာသူ အဖြစ် WHAတွင် ပါဝင်ခဲ့ခြင်းသည် ရေလက်ကြား နှစ်ဖက်ကမ်းတို့က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြသသော “၁၉၉၂ သဘောတူညီမှု”၏ အခြေခံပေါ်တွင် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အထူးပြုထားသော အစီအစဉ် ဖြစ်ပါသည်။ ၂၀၁၆ခုနှစ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီသည် ထိုင်ဝမ် သီးခြား တည်ရှိရေးကို စွဲကိုင်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စိန်ခေါ်သောကြောင့် WHOတွင် ပါဝင်ရန် ကြံစည်ဆောင်ရွက်ခြင်း ၈ကြိမ် ဆက်တိုက် ရှုံးနိမ့်ခြင်းသည် ဧကန်မလွဲ ဖြစ်ပေါ်လာသည့် အကျိုးဆက် ဖြစ်ပါသည်။

ဒုတိယ အချက် ကတော့ WHAတွင် ထိုင်ဝမ်အား ပါဝင်ခွင့် မပေးခြင်းကြောင့် နိုင်ငံတကာ ကပ်ရောဂါ ကာကွယ်ရေး စနစ်တွင် ချွတ်ယွင်းချက် ဖြစ်စေမည် ဟူသော ပြောဆိုချက်သည် အထောက်အထား လုံးဝ မရှိပေ။ တရုတ် ဗဟို အစိုးရသည် ကမ္ဘာ ကျန်းမာရေး ဆိုင်ရာတွင် ထိုင်ဝမ် ဒေသ၏ ပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ သင့်လျော်ပြေလည်စွာ စီစဉ်ပေး ပါသည်။ ထိုင်ဝမ်ဒေသတွင် “နိုင်ငံတကာ ကျန်းမာရေး စည်းကမ်း” ဆိုင်ရာ ဆက်သွယ်ရေး ဌာန ထားရှိပြီး WHOမှ ထုတ်ပြန်သော ရှောင်တခင် ဖြစ်ပွားသည့် အများပြည်သူ့ ကျန်းမာရေး ကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အချိန်မီ ရရှိနိုင်သလို WTOထံသို့ အချိန်မီ အကြောင်းကြားနိုင်သည်။ ထို့ကြောင့် လက်ရှိ WHOနှင့် ရေလက်ကြား နှစ်ဖက်ကမ်း မူဘောင် အတွင်း ထိုင်ဝမ်၏ ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ဘက်ပေါင်းစုံ ဖလှယ်ရေးနှင့် အကြောင်းကြားရေး လမ်းကြောင်း အဟန့်အတား မရှိဘဲ စနစ် ပြည့်စုံကာ ထိုင်ဝမ် မွေးချင်း ပေါက်ဖော်များ၏ ကျန်းမာရေး အခွင့်အရေး ဆိုင်ရာ အာမခံချက် အပြည့်အဝ ရှိပါသည်။

    တတိယ အချက်က အမေရိကန်က လွန်ခဲ့သည့် နှစ်များတွင် ထိုင်ဝမ်အား WHAတွင် ပါဝင်ရန် အားပေးသည့် တကယ့်ရည်ရွယ်ချက်မှာ အများပြည်သူ့ ကျန်းမာရေးကို အကြောင်းပြုပြီး ထိုင်ဝမ်ကို အသုံးပြုကာ တရုတ် နိုင်ငံကို ထိန်းချုပ်ဟန့်တားရန် ဖြစ်သည့် အပြင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရုတ်ပြည် တစ်ပြည်တည်း သာရှိရေးမူကို အသိအမှတ် ပြုကြခြင်း အပေါ် စိန်ခေါ်ရန်လည်း ဖြစ်ပါသည်။ 

    အမေရိကန်နှင့် ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာပိုင်က မည်သို့ပင် ဝါဒဖြန့်သည် ဖြစ်စေ၊ ထိုင်ဝမ် ဒေသသည် WHOတွင် ပါဝင်နိုင်မည် မဟုတ်ပါ။ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးက အများပြည်သူ၏ ဆန္ဒနှင့်ကိုက်ညီမှုဖြစ်ပြီး သမိုင်းရေစီးကြောင်းလည်း ဖြစ်ကြောင်း ပြဆိုနေပါသည်။