တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ဟန်ဂေရီ နိုင်ငံ အကြား ခေတ်သစ် All-Weather ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်

(GMT+08:00)2024-05-10 02:20:03  

ဟန်ဂေရီ နိုင်ငံ သမ္မတ Sulyok Tamásနှင့် ဝန်ကြီးချုပ် Orbán Viktor၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ခုနှစ် မေလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ဟန်ဂေရီ နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ခဲ့ပါသည်။ ခရီးစဉ် အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Sulyok Tamásနှင့် တွေ့ဆုံနှုတ်ဆက်ပြီး ဝန်ကြီးချုပ် Orbán Viktorနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်-ဟန်ဂေရီ ဆက်ဆံမှု၏ ခိုင်မာသော အခြေခံ အုတ်မြစ်နှင့် နှစ်နိုင်ငံ ပြည်သူများ အကြားရှိ အစဉ်အလာ ချစ်ကြည်ရေးကို ပြန်လည်သုံးသပ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အတူတကွ အရေးထား အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကာ သဘောတူညီမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြပါသည်။ နှစ်ဖက်တို့သည် ၂၀၁၇ခုနှစ်က နှစ်နိုင်ငံ အကြား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ခြင်း အပေါ် လွန်စွာ ချီးကျူးခဲ့ကြပါသည်။ နှစ်ဖက်တို့သည် အဆင့်မြင့် ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားပြီး နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေကာ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ နှစ်နိုင်ငံ ဆက်ဆံမှုကို အမြဲတမ်း အဆင့်မြင့်မားစွာ လည်ပတ်စေနိုင်အောင် အာမခံပေးပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် တစ်ညီတစ်ညွတ်တည်း သဘောတူကြပါသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် အခါသမယတွင် နှစ်ဖက်တို့သည် လက်ရှိ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ခေတ်သစ် All-Weather ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဖြစ်သို့ တိုးမြှင့်သည်ဟု ဆုံးဖြတ်ပြီး ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြပါသည်။