ရှီကျင့်ဖိန်သည် ဆားဗီးယား သမ္မတ Vucic နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-05-08 21:45:11  

ဒေသစံတော်ချိန် မေလ ၈ ရက် နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် Belgradeရှိ ဆားဗီးယား အစိုးရ အဆောက်အအုံတွင် ဆားဗီးယား သမ္မတ Vucicနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-ဆားဗီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းမြှင့်တင်ရန်နှင့် ခေတ်သစ် တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ကြေညာခဲ့သည်။

ရှီကျင့်ဖိန်က ဆားဗီးယားနိုင်ငံသည် အလယ်ဥရောပနှင့် အရှေ့ဥရောပတွင် တရုတ်နိုင်ငံ ၏ ပထမဆုံးသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဘက်စလုံးသည် ခေတ်သစ်တွင်  တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ခြင်းဖြင့် “Belt and Road” အရည်အသွေးမြင့် ပူးတွဲတည်ဆောက်မှုနှင့် တရုတ်-အလယ် ဥရောပ၊ အရှေ့ဥရောပ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း တိုးချဲ့ပြီး နှစ်နိုင်ငံ၏ ခေတ်မီတိုးတက်ရေး လုပ်ငန်းစဉ်များကို တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက် သင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

Vucicက ထိုင်ဝမ် အရေးကိစ္စ အပါအဝင် တရုတ် နိုင်ငံ၏ အဓိက အကျိုးစီးပွားဆိုင်ရာ တရုတ်နိုင်ငံ၏ တရားမျှတမှန်ကန်သည့် ရပ်တည်ချက်ကို ဆားဗီးယားနိုင်ငံက အခိုင်အမာ ထောက်ခံကြောင်း၊ ဆားဗီးယားနိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်မှ ဖော်ပြာထားသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်များကို အခိုင်အမာ အားပေးထောက်ခံပြီး ယင်းအဆိုပြုချက်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံနှင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ရင်းနှီးစွာ ပြုလုပ်ပြီး ဗိုလ်ကျ လွှမ်းမိုးရေးအာဏာကို အတူတကွ ဆန့်ကျင်ကာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက်များကို ထိန်းသိမ်းကာကွယ်၍ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်း ကာကွယ်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။