မေဒေး ရုံးပိတ်ရက်ရှည် အတွင်း တရုတ်ပြည် စားသုံးကုန် ဈေးကွက်များ ရှင်သန်ကောင်းမွန်

(GMT+08:00)2024-05-07 11:50:01  

    


    တရုတ်အစိုးရမှ ထုတ်ပြန်သည့် စာရင်းအရ ယခုနှစ် မေဒေး ရုံးပိတ်ရက်ရှည်အတွင်း တရုတ် ပြည်တွင်း ခရီးသွားဦးရေမှာ ၂၉၅ သန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်း ကထက် ၇.၆ ရာခိုင်နှုန်း တိုးလာပါသည်။ ပြည်တွင်း ခရီးသွား လုပ်ငန်း ဝင်ငွေမှာ စုစုပေါင်း ယွမ် ၁၆၆.၈၉ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၂.၇ ရာခိုင်နှုန်း တိုးလာပါသည်။ 

   တစ်ချိန်တည်းတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်ခြင်း၊ ပြည်ဝင်ပြည်ထွက် ဆောင်ရွက်ချက်များ အဆင်ပြေအောင် ဖော်ဆောင်ခြင်းနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် ကျင့်သုံးသော နိုင်ငံ အရေအတွက် တိုးလာသည်နှင့် အမျှ ပြည်ဝင်ပြည်ထွက် ခရီးသွားလုပ်ငန်းလည်း လျင်မြန်စွာ နာလန်ပြန်ထူလာသည်။ သက်ဆိုင်ရာ စာရင်းအရ မေဒေး ရုံးပိတ်ရက်ရှည်အတွင်း တရုတ်ခရီးသွားများသည် ကမ္ဘာတစ်ဝှမ်းမှ မြို့ ၁၀၀၀ ကျော်သို့ သွားရောက် ခရီးလှည့်လည်ခဲ့ကြပါသည်။ ယင်းတို့အနက် တရုတ်နိုင်ငံနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် ကျင့်သုံးသော နိုင်ငံများသို့ သွားရောက်သော တရုတ် ခရီးသွား ဦးရေသည်  သိသာစွာ တိုးလာပါသည်။

   ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် စားသုံးမှု တိုးမြှင့်ရေး မူဝါဒများစွာကို ချမှတ် ကျင့်သုံး ဖော်ဆောင်နေခဲ့သည်။ ကုန်သွယ်ရေး ဝန်ကြီးဌာနသည်လည်း ယခုနှစ်ကို စားသုံးမှု မြှင့်တင်ရေးနှစ် အဖြစ် သတ်မှတ်ထားသည်။ နောက်ဆုံးရရှိသည့် စာရင်းအရ ယခုနှစ် ပထမ သုံးလပတ်အတွင်း စားသုံးမှု၏ တရုတ်စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြုမှုနှုန်းမှာ ၇၃.၇ ရာခိုင်နှုန်း အထိတောင် တိုးလာပါသည်။ အနာဂတ်တွင် တရုတ်နိုင်ငံသည် ဒစ်ဂျစ် တယ် စားသုံးမှု၊ အစိမ်းရောင် စားသုံးမှု၊ ကျန်းမာရေး စားသုံးမှု အပါအဝင် အမျိုး အစားသစ် စားသုံးမှုများကို တွန်းအားပေးလာသည်နှင့် အမျှ နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု သည်လည်း စွမ်းအားသစ်တွေ ရရှိလာမည် ဖြစ်ပါသည်။

   ရုံးပိတ်ရက်ရှည် စီးပွားရေးသည် တရုတ်ပြည် စီးပွားရေးကို အကဲခတ်ရန် အရေးကြီးသည့် ပြတင်းပေါက် တစ်ချပ် ဖြစ်ပါသည်။ မေဒေး ရုံးပိတ်ရက်ရှည် စားသုံးမှု ပမာဏသည် ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်ခြင်းသည် ဘက်တစ်ဖက်မှနေ တရုတ်ပြည် စီးပွားရေး၏ ကိန်းအောင်းစွမ်းအားနှင့် ရှင်သန်စွမ်းအားကို ပေါ်လွင် ပြသနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။