ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်၊ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်တို့နှင့်အတူ တရုတ်၊ ပြင်သစ်နှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2024-05-06 21:51:39  

ဒေသစံတော်ချိန် မေလ ၆ ရက် နံနက်ပိုင်းက တရုတ် သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်၊ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်တို့နှင့်အတူ တရုတ်၊ ပြင်သစ်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ပါရီမြို့ရှိ Elysee နန်းတော်တွင် ပြုလုပ်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ဘက်သည် တရုတ်-အီးယူ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်နှင့် ရေရှည် ရှုထောင့်မှ အမြဲတမ်း ရှုမြင်ထားကြောင်း၊ ဥရောပသည် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော နိုင်ငံကြီး သံတမန်ရေး၏ အရေးကြီးသော ဦးတည်ချက်နှင့် တရုတ်ဆန်ဆန် ခေတ်မီရေးကို အကောင်အထည်ဖော်ဆောင်ရန် အရေးကြီးသော မိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်-ပြင်သစ် ဆက်ဆံရေးနှင့် တရုတ်-အီးယူ ဆက်ဆံရေးသည် အပြန်အလှန် မြှင့်တင်စေပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ထားကြောင်း၊ ယနေ့ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်ပြီး အပြောင်းလဲကြီး ပြောင်းလဲနေသော ကာလသစ်သို့ ဝင်ရောက်လာပြီဖြစ်ပြီး တရုတ်နှင့် အီးယူတို့သည် အရေးပါသော အင်အားစုနှစ်ရပ် အနေနှင့် မိတ်ဖက်အဖြစ် ရပ်တည်ချက်နှင့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စွဲကိုင်ပြီး မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှု နက်ရှိုင်းစေပြီး၊ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုနှင့် သဘောတူညီမှုတို့ကို တိုးမြှင့်ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပြလုပ်သဖြင့် တရုတ်-အီးယူ ဆက်ဆံရေး တည်ငြိမ်မှန်ကန်စွာ ဖွံဖြိုးတိုးတက်ရန် တွန်းအားပေးသည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း စဉ်ဆက်မပြတ် အကျိုးဆောင်သင့်ကြောင်း ပြောကြားသည်။

မက်ခရွန်က လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာ အခြေအနေသည် အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြင်သစ်နှင့် အီးယူတို့သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ယခင်ကထက် ပိုမိုအားကောင်းစွာ လိုအပ်ကြောင်း၊ အီးယူ ဘက်က "ချိတ်ဆက်မှု ဖြတ်တောက်ခြင်း"ကို သဘောမတူဘဲ တရုတ်ကုမ္ပဏီများ ဥရောပ၌ ရင်းနှီးမြှုပ်နှံရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုကြောင်း၊ တရုတ်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစွာ ပြုလုပ်ရန် နှင့် ဥရောပမှ တန်ဖိုးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲ ထိန်းသိမ်းကာကွယ်ပေးရန် မျှော်လင့်ကြောင်း၊ ပြင်သစ်ဘက်သည် တရုတ်ဘင်နှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ရာသီဥတုပြောင်းလဲမှု၊ သမုဒ္ဒရာ မျိုးစုံမျိုးကွဲများ စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။

ဗွန်ဒါလီယန်က အီးယူ-တရုတ် ဆက်ဆံရေးသည် ကောင်းမွန်ကြောင်း၊ လာမည့်နှစ်သည် အီးယူ-တရုတ် သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ အီးယူသည် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် လေးစားရန်၊ သဘောကွဲလွဲမှုများကို ဘေးဖယ်ထားပြီး သဘောတူညီမှုများကို ရှာဖွေရန်၊ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ နားလည်မှု လွဲမှားခြင်းကို ရှောင်ရှားရန်၊ နိုင်ငံတကာ ဥပဒေကို အခြေခံသော နိုင်ငံတကာ စည်းစနစ်ကို လက်တွဲ ကာကွယ်ပေးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကို တွန်းအားပေးရန် မျှော်လင့်ထားကြောင်း၊ ဥရောပဘက်သည် တရုတ်နိုင်ငံ၏ မြစိမ်းရောင် အသွင်ကူးပြောင်းရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုနှင့် အောင်ကျိုးရလဒ်များကို ချီးကျူးပြီး တရုတ်၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ တရားဝင် အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရန် အသိအမှတ်ပြုကာ တရုတ်ဘက်နှင့်အတူ ပွင့်လင်းသော ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။