“Leaders Talk” ဆားဘီးယားနိုင်ငံသမ္မတ Aleksandar Vucic နှင့် သီးသန့်အင်တာဗျူး

(GMT+08:00)2024-05-04 16:27:33  

သမ္မတရှီကျင့်ဖိန် လာရောက်ရန် ၁၅ ကြိမ် ဖိတ်ကြားခဲ့ပြီး သမ္မတရှီကျင့်ဖိန်ရဲ့ ယခုအကြိမ် ခရီးစဉ်မှာ မိမိအိမ်ကိုပြန်လာရသလိုခံစားရမယ်လို့ မျှော်လင့်တယ်လို့ ၎င်းက ပြောကြားပါတယ်။ နှစ်ဦးနှစ်ဖက်အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်က ပူးပေါင်းဆောင်ရွက်မှုစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးက ပြည်သူတွေရဲ့စိတ်နှလုံးထဲကနေ ပေါက်ဖွားလာတယ်လို့ ၎င်းက အလေးပေးပြောကြားပါတယ်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ရဲ့ ဆားဘီးယားနိုင်ငံခရီးစဉ် မတိုင်မီမှာ ဆားဘီးယားနိုင်ငံသမ္မတ Aleksandar Vucic က “Leaders Talk” ရဲ့ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကို သမ္မတ Aleksandar Vucic က ယနေ့ထိတိုင် အမှတ်ရနေဆဲ ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖိန်က ဆားဘီးယားခရီးစဉ်အတွင်း Smederevo သံမဏိစက်ရုံကို လာရောက်ခဲ့ပါတယ်။

ဒီသံမဏိစက်ရုံကို ၁၉၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းရဲ့အထွတ်အထိပ်ကာလမှာတော့ ဒေသအတွက် ဘဏ္ဍာရေးဝင်ငွေ ၄၀% ကို ပံ့ပိုးပေးနိုင်ခဲ့ကာ “ဆားဘီးယားရဲ့ ဂုဏ်ယူစရာ” လို့ ခေါ်ဝေါ်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာတဲ့ သံမဏိစက်ရုံဟာ ရပ်တည်နိုင်ဖို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာ “Belt and Road” အတူတည်ဆောက်ရေးအဆိုပြုချက်ဆိုတဲ့ လေဟုန်ကိုစီးပြီး တရုတ်နိုင်ငံ ဟိုပေသံမဏိလုပ်ငန်းအုပ်စုက ထိုဒေသကို လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် ၇ နှစ်ဆက်တိုက် အရှုံးပေါ်နေခဲ့တဲ့ Smederevo သံမဏိစက်ရုံဟာ မျှော်လင့်ချက်ရောင်ခြည်တွေကို ပြန်လည်မြင်တွေ့လာခဲ့ပါတယ်။ ဒီရာစုနှစ်သက်တမ်းရှိတဲ့ စက်ရုံကြီးဟာ အရှုံးပေါ်နေခဲ့ရာမှ လျင်မြန်စွာပဲ အမြတ်အစွန်းတွေ ပြန်လည်ဖော်ဆောင်နိုင်လာပြီး အချိန်တိုအတွင်းမှာ ပြန်လည်ဂုဏ်ထူးဆောင်နိုင်လာပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒီသံမဏိစက်ရုံကနေ တစ်နှစ်တာအတွင်း သံမဏိ တန်ချိန် ၁.၇၇ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး စက်ရုံတည်ဆောက်ခဲ့တဲ့ ၁၀၅ နှစ်အတွင်းရဲ့ အမြင့်ဆုံးစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ ထိုနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ရရှိခဲ့ပြီး ဆားဘီးယားရဲ့ နံပါတ်တစ် ပို့ကုန်ဖြင့် နိုင်ငံခြားဝင်ငွေဖော်ဆောင်ပေးသူ ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ Aleksandar Vucic ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ကြီးဟာ တရုတ်နိုင်ငံကိုလာရောက်ခဲ့ပြီး တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို တက်ရောက်ခဲ့ပြီး တရုတ်-ဆားဘီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဟာ ၎င်းရဲ့ ဒီခရီးစဉ်အတွင်းမှာ အကောင်အထည်ဖော်ဆောင်လိုတဲ့ အရေးပါစာရွက်စာတမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာ သမ္မတရှီကျင့်ဖိန်နဲ့ သမ္မတ Aleksandar Vucic ရဲ့ ရှေ့မှောက်မှာ တရုတ်-ဆားဘီးယား လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ အလယ်ဥရောပ၊ အရှေ့ဥရောပ နိုင်ငံများအကြား ချုပ်ဆိုခဲ့တဲ့ ပထမဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်ခဲ့ပါတယ်။

ဒီသဘောတူစာချုပ် ဆွေးနွေးမှုလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဧပြီလက စတင်ခဲ့ပြီး စက်တင်ဘာလမှာ တရားဝင်ပြီးစီးခဲ့ရာ အချိန်ငါးလသာ ကြာမြင့်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ငန်းတွင်ကျယ်ခဲ့ရခြင်းမှာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုတွေကြောင့်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား မြင့်မားတဲ့ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကိုလည်း အပြည့်အဝ ထင်ဟပ်နေပါတယ်။

ဥရောပမှာ တရုတ်ကုမ္ပဏီမှတည်ဆောက်တဲ့ ပထမဆုံးတံတားဟာ ဆားဘီးယားမှာ တည်ရှိပါတယ်။ ဥရောပမှာ တရုတ်ကုမ္ပဏီမှဖောက်လုပ်ခဲ့တဲ့ ပထမဆုံး အဝေးပြေးကားလမ်းဟာလည်း ဆားဘီးယားမှာပဲ ဖြစ်ပါတယ်။ ဥရောပမှာ  ပထမဆုံး တရုတ်မြန်နှုန်းမြင့်ရထားလမ်းဖြစ်တဲ့ ဟန်ဂေရီ-ဆားဘီးယားရထားလမ်းဟာ ဆားဘီးယားနိုင်ငံရဲ့မြို့တော် ဘယ်ဂရိတ်မှ စတင်ပါတယ်။ Aleksandar Vucic ရဲ့ အမြင်မှာတော့ နှစ်ဖက်ဆက်ဆံရေးက စံနမူနာတွေ အဆက်မပြတ် ဖန်တီးနေပြီး “ပထမဆုံး” တွေကို ဖော်ဆောင်ပေးနေပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဖြစ်ပြီး တရုတ်နဲ့ ဆားဘီးယားအကြား အပြောင်းအလဲတွေကိုဖြတ်သန်းခဲ့ပြီး စမ်းသပ်မှုတွေကိုခံနိုင်ရည်ရှိခဲ့တဲ့ ခိုင်မာတဲ့ချစ်ကြည်ရေးကြောင့်လည်း ဖြစ်ပါတယ်။