ဧပြီလ ၃၀ရက်နေ့က ဖိလစ်ပိုင်သင်္ဘောများသည် ဟွမ်ယမ်ကျွန်းသို့ တရားမဝင် ဝင်ရောက် ကျူးကျော်မှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-05-03 12:33:53  

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင် တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဧပြီလ ၃၀ရက်နေ့က ဟွမ်ယမ်ကျွန်းပင်လယ်ရပ်ဝန်း၌ အန္တရာယ်ရှိသောအပြုအမူကို ဆောင်ရွက်ပြီး လူသားချင်းစာနာထောက်ထားမှုတာဝန်ကို ပုံမှန်ဆောင်ရွက်နေသော ဖိလစ်ပိုင်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ငါးလုပ်ငန်းဗျူရိုမှ ရေယာဉ်များကို တားဆီး၍ အနှောင့်အယှက်ပေးခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် အဆိုပါကစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား အရေးဆိုပြီး တရုတ်နိုင်ငံ၏ သင်္ဘောအား ဟွမ်ယမ်ကျွန်းနှင့်၎င်း၏အနီးပင်လယ်ရပ်ဝန်းမှ ချက်ချင်း ထွက်ခွာရန် တောင်းဆိုကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဟွမ်ယမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေဖြစ်ပြီး တရုတ်နိုင်ငံသည် ဟွမ်ယမ်ကျွန်းနှင့်၎င်း၏အနီးပင်လယ်ရပ်ဝန်းအပေါ် ငြင်းခုံ၍မရသော အချုပ်အခြာအာဏာ ပိုင်မှုရှိကြောင်း၊ ဧပြီလ ၃၀ရက်နေ့က ဖိလစ်ပိုင်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အစိုးရ ရေယာဉ်များသည် တရုတ်နိုင်ငံ၏ခွင့်ပြုချက်မရှိဘဲ ဟွမ်ယမ်ကျွန်းပင်လယ်ရပ်ဝန်းသို့ ကျူးကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်မှုကို ပြင်းထန်စွာ ကျူးကျော် ထိပါးခဲ့ကြောင်း၊ တရုတ်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဥပဒေနှင့်အညီ လိုအပ်သော နည်းလမ်းများကို မလွှဲသာ၍ ဆောင်ရွက်ရပြီး ဖိလစ်ပိုင်သင်္ဘောများကို နှင်ထုတ်ခဲ့ကြောင်း ထိုသို့ ပြုလုပ်ခြင်းမှာ ပရော်ဖက်ရှင်ကျပြီး တရားမျှတကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါကစ္စနှင့်ပတ်သက်ပြီး ဘေကျင်းမြို့ နှင့် မနီလာမြို့၌ ဖိလစ်ပိုင်ဘက်အား တည်ကြည် လေးနက်စွာ အရေးဆိုကန့်ကွက်၍ ဖိလစ်ပိုင်အား ကျူးကျော်မှုနှင့်ရန်စမှုကို ချက်ချင်း ရပ်စဲရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါသည်။