Han Zheng သည် ပီရူးနိုင်ငံခြားရေးဝန်ကြီး Javier Gonzalez-Olaechea၊ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး Diana Elena Mondino တို့နှင့် အသီးသီးတွေ့ဆုံ

(GMT+08:00)2024-04-30 14:53:19  

ဧပြီလ ၂၉ရက်နေ့က တရုတ်နိုင်ငံ ဒုတိယ သမ္မတ Han Zhengသည် ပီရူးနိုင်ငံခြားရေး ဝန်ကြီး Javier Gonzalez-Olaechea၊ အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Diana Elena Mondino တို့နှင့် ဘေကျင်းမြို့တွင် အသီးသီးတွေ့ဆုံခဲ့ပါသည်။
    ပီရူးနိုင်ငံခြားရေးဝန်ကြီး Javier Gonzalez-Olaecheaနှင့် တွေ့ဆုံရာတွင် ဒုတိယ သမ္မတ Han Zhengက တရုတ်နိုင်ငံ အနေဖြင့် ပီရူးနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကာ အဆင့်မြင့်ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုများကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာကို ဖော်ထုတ်ကာ Belt and Road အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်၍ တရုတ်-ပီရူးဆက်ဆံရေး တိုးတက်မှုသစ် အဆက်မပြတ် ရရှိရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီး Javier Gonzalez-Olaechea က ပီရူးနိုင်ငံအနေဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာစွာလိုက်နာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်ကူးလူးဖလှယ်မှုများကို ပိုမိုရင်းနှီးလာစေပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကာ ပီရူး-တရုတ်ဆက်ဆံရေး အဆင့် ကဏ္ဍသစ်သို့ ရောက်ရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Diana Elena Mondino နှင့် တွေ့ဆုံရာတွင် ဒုတိယသမ္မတ Han Zheng က တရုတ်နိုင်ငံအနေဖြင့် အာဂျင်တီးနားနိုင်ငံနှင့်အတူ အချင်းချင်းနားလည်ပြီး ဆက်လက်ထောက်ခံရန်၊ အချင်းချင်းဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းပေါ်ရှိ ခရီးသွားဖော်များအဖြစ် လုပ်ဆောင်ရန်၊ နှစ်နိုင်ငံနိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အဆင့်အတန်းကို အဆက်မပြတ်မြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်၊ နှစ်နိုင်ငံပြည်သူများအား အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီး Diana Elena Mondino က အာဂျင်တီးနားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းမြင်ကြောင်း၊ တရုတ်နိုင်ငံ၏ အရေးကြီးသော သဘောတရားများနှင့် အဆိုပြုချက်များကို တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာစွာ လိုက်နာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြားနှင့် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် ခိုင်မာလာ စေပြီး တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ပိုမိုများပြားသော တရုတ်လုပ်ငန်း ကုမ္ပဏီများ အာဂျင်တီးနားနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ပြောကြားခဲ့ ပါသည်။