အခြေခံပြဿနာကို ဖြေရှင်းခြင်းဖြင့်သာ တရုတ်-အမေရိကန် ဆက်ဆံရေး အမှန်တကယ် တိုးတက်ကောင်းမွန်လာမည်

(GMT+08:00)2024-04-28 15:47:35  

ယခုလ ၂၆ ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် ပြိုင်ဘက်များ မဖြစ်သင့်ဘဲ မိတ်ဖက်များ ဖြစ်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။ Blinkenသည် တရုတ်နိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး ကတိကဝတ်များစွာကို ထပ်လောင်းပြောကြားခဲ့ပြီး တရုတ် နိုင်ငံနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန်ဖရန်စစ္စကို သဘော တူညီချက်များကို  လေးနက်စွာ အကောင်အထည်ဖော်ဆောင်ရန်နှင့် အမေရိကန်-တရုတ် ဆက်ဆံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့ အနေနှင့် မိတ်ဖက် ဖြစ်သင့်သလား၊ သို့မဟုတ် ပြိုင်ဘက်ဖြစ်သင့်သလား ဆိုသည့် မဟာဗျူဟာမြောက် သိမြင်နားလည်မှုမှာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အခြေခံကျသော ပြဿနာဖြစ်သည်။ အမေရိကန်သည် တစ်ဖက်က  တရုတ်နိုင်ငံကို ထိန်းချုပ်ဟန့်တားမှု ပြုလုပ်နေသည်၊ နောက်တစ်ဖက် ကတော့ တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ယင်းသည် အမေရိကန်ရှိ အချို့သော လူများက တရုတ် နိုင်ငံကို "အကြီးမားဆုံး ဗျူဟာမြောက် ပြိုင်ဖက်" အဖြစ် လွဲမှားစွာ မှတ်ယူကြပြီး တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဗျူဟာမြောက် လွဲမှားစွာ ရှုမြင်သုံးသပ်မှုများ ရှိနေကြောင်း ပြသနေသည်။

မကြာသေးမီ နှစ်များအတွင်း၊ တရုတ်နှင့် အမေရိကန်တို့ အကြား အဆင့်မြင့် အဆက်အသွယ်များ ပြုလုပ်သောအခါတိုင်းတွင် ဗျူဟာမြောက် သိမြင်နားလည်မှုဆိုင်ရာ ကိစ္စရပ်များကို အမြဲတမ်း ဆွေးနွေးခဲ့ကြသည်။ Blinken၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း အတိုင်း စွဲကိုင် လျှောက်လှမ်းသော ဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်အေးနှင့်  zero-sum game အတွေးအခေါ်များသည် တရုတ်နိုင်ငံ၏  တွေးခေါ်လုပ်ဆောင်နည်းများမဟုတ်ကြောင်း တရုတ်ဘက်က အလေးပေး ပြောကြားသည့်အပြင် တရုတ်-အမေရိကန် ဆက်ဆံရေး အနေအထားကို အခြေခံကျကျ စဉ်းစားရန် အမေရိကန်ကို ထပ်မံ တိုက်တွန်းခဲ့သည်။

လက်ရှိတွင် တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်ရေး အရှိန်အဟုန်သည် ခက်ခဲစွာ ရရှိထားပြီး ဆန်ဖရန်စစ္စကို မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး အမှန်တကယ် တည်ငြိမ်စေရန်၊ ကောင်းမွန်တိုးတက်စေရန် နှင့် ရှေ့သို့ ဆက်လက်ချီတက်စေရန် အတွက် နှစ်ဖက်စလုံးက ဆက်လက် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုကို ပြုပြင်ရန်နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မှန်မှန်ကန်ကန် ရှုမြင်ရန်သည် အမေရိကန် အနေနှင့် လုပ်ဆောင်သင့်သည့် အမြဲတမ်း ဦးစားပေး ကိစ္စဖြစ်သည်။