ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေကြားသူ ၉၀% ကျော်က ပါလက်စတိုင်း-အစ္စရေး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် တိုက်တွန်းခဲ့ကြောင်း CGTN စစ်တမ်းတွင်ဖော်ပြ

(GMT+08:00)2024-04-28 09:37:30  

ပိုမိုဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း မဖြစ်ပွားစေရန်အတွက် ပါလက်စတိုင်း-အစ္စရေး နှစ်ဦးနှစ်ဖက်အား ချက်ချင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် စစ်တမ်းဖြေကြားသူ ၉၀.၀၅% မှ တိုက်တွန်းထားကြောင်း၊ သက်ဆိုင်သူအသီးသီးသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ တာဝန်ဝတ္တရားများကို လိုက်နာသင့်ပြီး အရပ်သားများကိုဦးတည်သော အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်သင့်သည်ဟု ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၉၃.၅% က ထောက်ပြထားကြောင်း China Media Group ၏ CGTN က ကမ္ဘာတစ်ဝန်းရှိ အင်တာနက်သုံးစွဲသူများကို ဦးတည်၍ ထုတ်ပြန်ထားသော စစ်တမ်းတစ်ခုတွင် ဖော်ပြနေသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အဓိကတာဝန်ရှိကြောင်း၊ ကာယကံရှင်များအပေါ် ဩဇာသက်ရောက်မှုရှိသော နိုင်ငံများမှ ဓမ္မဓိဋ္ဌာန်ကျပြီး ကျိုးကြောင်းမှန်ကန်သည့် သဘောထား ရပ်တည်ချက်ကို စွဲကိုင်ပြီး အကျပ်အတည်း ပြေလျော့လာစေရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ အတူပါဝင်သင့်ကြောင်း  တရုတ်နိုင်ငံက အမြဲတမ်း ယူဆပါသည်။ ယင်းကို ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၉၃% က များစွာသဘောတူကြပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကြားဝင်စေ့စပ်နိုင်သည့်အခန်းကဏ္ဍကို အပြည့်အဝ ဖော်ထုတ်ပြီး ပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာခြင်းကို တားဆီးသင့်ကြောင်း ယူဆကြသည်။ CGTN အင်တာနက်သုံးစွဲသူ အချို့ကလည်း “ဒီလောက်နှစ်တွေကြာအောင် ကံဆိုးမှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ သေဆုံးမှုတွေ အများကြီးရှိခဲ့တယ်၊ နောက်ဆုံးငြိမ်းချမ်းရေးကို ကျွန်တော်တို့ မဖြစ်မနေ ကြိုးပမ်းရှာဖွေရမယ်” ဟု ပြောကြားကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် မကြာသေးမီက ပြည်ပအကူအညီပေးရေးဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး အစ္စရေးထံသို့ ဆက်လက်၍ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ အကူအညီပေးအပ်သည်။ စစ်တမ်းတွင် ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၉၂% က ယင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြပြီး ဒေသတွင်းပြင်ပနိုင်ငံများသည် ပဋိပက္ခဖြစ်ပွားနေသူ နှစ်ဦးနှစ်ဖက်အား စစ်လက်နက်ပစ္စည်းများ ပံ့ပိုးပေးခြင်းကို ရပ်တန့်သင့်ကြောင်း၊ အခြေအနေကိုဆိုးရွားလာစေသော အပြုအမူများကို ချက်ချင်းရပ်တန့်သင့်ကြောင်း ယူဆကြသည်။ “အခုအချိန်မှာ လက်နက်ပေးပို့ခြင်းဟာ မီးလောင်ရာလေပင့်ခြင်းနဲ့ ထူးမခြားနားပဲ” ဟု အင်တာနက်သုံးစွဲသူများက မှတ်ချက်ပြုကြသည်။