ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံ

(GMT+08:00)2024-04-26 18:16:14  

  တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ ၄၅ နှစ်အတွင်း တရုတ်နှင့် အမေရိကန် ဆက်ဆံမှုတွင် အဖြစ်အပျက်များစွာတို့သည် အောက်ပါ အရေးကြီးအချက်များကို ပြ သ နေကြောင်း၊ နှစ်နိုင်ငံတို့သည် ပြိုင်ဘက် မဟုတ်ဘဲ မိတ်ဖက် ဖြစ်သင့်ကြောင်း၊ အချင်းချင်း ထိခိုက်ခြင်း မဟုတ်ဘဲ အချင်းချင်း ထောက်ခံသင့်ကြောင်း၊ ဆိုးရွားစွာ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ကွဲလွဲမှုများ ဖယ်ရှားပြီး တူညီမှုများကို ရှာကြံသင့်ကြောင်း၊ ပြောတာ တစ်မျိုး လုပ်တာ တစ်မျိုး မဟုတ်ဘဲ ကတိပြုထားသည့် အတိုင်း ဆောင်ရွက်သင့်ကြောင်း၊ မိမိ တင်ပြသော အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည့် မူသုံးရပ်သည် အတိတ်က အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ထားခြင်း အပြင် အနာဂတ်သို့ လျှောက်လှမ်းရန် လမ်းညွှန် ဦးတည်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ရှီကျင့်ဖိန်က ကမ္ဘာကြီး ရာစုနှစ် ပြောင်းလဲမှုများ နက်ရှိုင်းစွာ ဖြစ်ပွားနေပြီး နိုင်ငံတကာ အခြေအနေသည် ရှုပ်ထွေးနေကာ တရုတ်နှင့် အမေရိကန်တို့ ဆွေးနွေးမှုကို တိုးမြှင့်ပြီး သဘောကွဲလွဲမှုများကို ထိန်းချုပ်၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ကျယ်ပြန့်သော ဆန္ဒသာမကဘဲ နိုင်ငံတကာ မိသားစုကြီး၏ ဘုံမျှော်မှန်းချက်လည်း ဖြစ်ကြောင်း၊ ကမ္ဘာလုံးသည် ကြီးမားသောကြောင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အတူ စည်ပင်သာယာခြင်းများ ဆံ့နိုင်ပါကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ယုံကြည်စိတ်ရှိပြီး တံခါးဖွင့်သည့်၊ စည်ပင်သာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် အမေရိကန်နိုင်ငံကို မြင်လိုပါ ကြောင်း၊ အမေရိကန်သည်လည်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အပြု သဘော ဆောင်သော ဘက်မှ မြင်နိုင်ရန် မျှော်လင့်ကြောင်း၊ ဤအရင်းခံ ပြဿနာကို ဖြေရှင်းပြီး "ပထမဆုံး ကျယ်သီး"ကို ကောင်းအောင် တပ်ပြီးပါက တရုတ်နှင့် အမေရိကန် ဆက်ဆံမှု သည် အမှန်တကယ် တည်ငြိမ်ကောင်းမွန်လာကာ ရှေ့သို့ လျှောက်လှမ်းသွားနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။