ရုရှားနှင့် ပတ်သက်ပြီး ကန်က တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းများအား အရေးယူရန် စဉ်းစားနေခြင်းအပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်

(GMT+08:00)2024-04-24 12:37:03  

  ဧပြီလ ၂၃ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ ရာ သတင်းထောက်တစ်ဦးက ဘလင်ကန်သည် ၎င်း၏ တရုတ် ခရီးစဉ်အတောအတွင်း တရုတ် အရာရှိများနှင့် တွေ့ဆုံရာတွင် တရုတ်အနေနှင့် ရုရှား စက်မှု လုပ်ငန်း နာလန် ပြန် ထူရေးကို ထောက်ခံရန် ရုရှားအား ချစ်ပ်၊ ခရုဇ်ဒုံးကျည်၊ အင်ဂျင် စသည့် သော့ချက်ကျသော နည်းပညာ များနှင့်ထုတ်ကုန်များကို ဆက်တိုက် ထောက်ပံ့ပေးခြင်းအပေါ် အမေရိကန်နှင့် မဟာမိတ်များက မကျေမနပ် ဖြစ် ခြင်းကို ရှင်းလင်း ပြောကြားမည်ဟု သတင်းအရ သိရပါကြောင်း၊ ဘလင်ကန်သည် အမေရိကန် အနေ နှင့် မည်ကဲ့သို့သော ဆောင်ရွက်မှုများ ပြုလုပ်မည်ကို ဖော်ပြ မထားသော်လည်း တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများအား အရေးယူမှုများ ချမှတ်ရန် စဉ်းစားနေသည်ဟု သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက ပြောကြား ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူက မည်ကဲ့သို့ သုံးသပ်မည် နည်းဟု မေးမြန်းခဲ့သည်။

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်နိုင်ငံသည် ယူကရိန်းအား ပမာဏကြီးမားသော ထောက်ပံ့မှု ဥပဒေကြမ်းကို ချမှတ်ခဲ့သည့် တစ်ချိန် တည်း တွင် တရုတ်နှင့် ရုရှားအကြား ပုံမှန်ဖြစ်သော စီးပွားကုန်သွယ်ရေး ဖလှယ်မှုများအပေါ် အခြေအမြစ်မရှိဘဲ ပြစ်တင်ပြောဆိုခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ကြောင်သူတော်နှင့် တာဝန် မဲ့သော လုပ်ရပ် ဖြစ်သည့်အတွက် တရုတ်ပြည်ဘက်က ပြတ်ပြတ်သားသား ကန့်ကွက် ကြောင်း ၊ တရုတ်ပြည်ဘက်သည် တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိစေသော အခြေခံ ပေါ်တွင် ရုရှား အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ပုံမှန် စီးပွား ကုန်သွယ်ရေး ဖလှယ် မှုများ လုပ် ဆောင်ခွင့်ကို အနှောင့်အယှက် သို့မဟုတ် ဖျက်ဆီး၍ မရကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်၍ မရကြောင်း၊ အမေရိကန်အနေနှင့် မီးထဲသို့ လောင်စာထည့်ခြင်းရော အပြစ်ပုံချခြင်းပါ ယူကရိန်း ပြဿနာကို ဖြေရှင်းရန် မှန်ကန်သော နည်းလမ်း မဟုတ်ကြောင်း၊ ဘက်အသီးသီးတို့မှ အကျိုးသင့် အကြောင်းသင့် ဖြစ်သော လုံခြုံ ရေးဆိုင်ရာ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပြီး စေ့စပ်ဆွေးနွေးမှု ဖြင့် မျှတပြီး ထိရောက် ကာ ရေရှည်တည်တံ့သော ဥရောပ လုံခြုံရေး မူဘောင်ကို ထူထောင် ခြင်းသည်သာ တစ်ခု တည်းသော မှန်ကန်သည့်  ရွေးချယ်မှုပင်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ သည်။