ရှီကျင့်ဖိန်သည် ခေတ်သစ်တွင် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ

(GMT+08:00)2024-04-24 10:25:57  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက ချုံချင့်မြို့၌ ခေတ်သစ်တွင် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က အနောက်ပိုင်းဒေသသည် တစ်ပြည်လုံး ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးတွင် လွန်စွာ အရေးကြီးပါကြောင်း၊ ပါတီဗဟိုကော်မတီ၏ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များ ဖော်ဆောင်ခြင်းကို တစိုက်မတ်မတ် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆင့်မြင့် ကာကွယ်ရေး၊ တံခါးဖွင့်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် တစ်ဆင့်တိုး ဖြစ်တည်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသတွင်း အင်အားတောင့်တင်းမှုနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်ကို တိုးမြှင့်၍ တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ထူးခြားချက်နှင့် အားသာချက် ပါရှိသော ကုန်ထုတ်လုပ်မှုလုပ်ငန်းကို စွဲစွဲမြဲမြဲ အဓိကထား တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသအခြေအနေအရ ထွန်းသစ်စ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကာ အနောက်ပိုင်းဒေသ ကုန်ထုတ်လုပ်မှု အသွင်ကူးပြောင်းရေးနှင့် အဆင့်မြှင့်တင်ရေးကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ အရည်အချင်းမြင့် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို ထောက်ကူပေးရမည် ဖြစ်ပြီး နိုင်ငံတော်၏ ဂေဟစနစ် လုံခြုံမှု အကာအကွယ်များ ခိုင်ခံ့အောင် စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆင့်မြင့် တံခါးဖွင့်ရေးဖြင့် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းကို စွဲစွဲမြဲမြဲ ဆောင်ရွက်ပြီး အနောက်ပိုင်းဒေသ၏ ပြည်တွင်းပြည်ပအား တံခါးဖွင့်ရေး အရည်အချင်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို စွဲစွဲမြဲမြဲ ဖော်ဆောင်ရမည် ဖြစ်ပြီး စွမ်းအင် အရင်းအမြစ် အပါအဝင် အဓိကလုပ်ငန်းနယ်ပယ်များ၌ လုံခြုံမှု အာမခံ ပေး သည့် စွမ်းရည်ကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အမျိုးအစားသစ် မြို့ပြတည်ဆောက်ရေးနှင့် ကျေးလက်ဒေသ ဘက်စုံရှင်သန်ရေးတို့ ပေါင်းစပ်ခြင်းကို စွဲစွဲမြဲမြဲ တွန်းအားပေးရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌ ပြည်သူလူထု နေထိုင်မှုဘဝကို အာမခံပေးပြီး ကောင်းမွန်တိုးတက်စေရမည် ဖြစ်ကြောင်း၊ တရုတ်အမျိုးသား အသိုက်အဝန်း အသိ စိတ်ဓာတ် ခိုင်ခံ့အောင် စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည် ဖြစ်ပြီး တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် နယ်စပ်ဒေသများ အေးချမ်းတည်ငြိမ်ရေးကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။