ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် သည် ဝမ်ယိ နှင့် တွေ့ဆုံ

(GMT+08:00)2024-04-23 12:48:41  

ဧပြီလ ၂၂ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် သည် ကမ္ဘောဒီးယား နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က ကမ္ဘောဒီးယားအစိုးရသစ်သည် အပြုသဘော ဆောင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြောင်း၊ စီးပွားရေးများ ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူ့နေထိုင်မှုဘဝ ဆက်တိုက် တိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာအဆင့်နေရာ တစ်ဆင့်တက် မြင့်မားလာ ကြောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက် ကောင်းဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ယင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း၊ အဆွေတော်ဝန်ကြီးချုပ်သည် တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝမ်ယိက လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အဆွေတော် ဝန်ကြီး ချုပ် နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ရာ တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်သို့ ဝင်ရောက်စေခဲ့ ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို တက်တက်ကြွကြွ အကောင်အထည်ဖော်နေကြကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ကံကြမ္မာ တူ အသိုက်အဝန်း တည်ဆောက်ရန် လုပ်ဆောင်ချက်အစီအစဉ်သစ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ အပြန်အလှန် ယုံကြည်ထောက်ခံမှုများကို တိုးပွားစေပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်း စေရန်၊ တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးသည် သံကဲ့သို့ ခိုင်မာစေပြီး စည်းလုံး ညီညွှတ်မှုသည် သံမဏိကဲ့သို့ ခိုင်မာစေကာ ပူးပေါင်းဆောင်ရွက်မှုများသည် စိန်ကဲ့သို့ ထွန်းလင်း တောက်ပစေရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ ပြောင်းလဲသည် ဖြစ်စေ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ယုံကြည်အားထားရဆုံး သော မိတ်ဆွေနှင့် အခိုင်မာဆုံးသော အားကိုးရာ ထာဝရဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
   ဟွန်မာနက် က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ပိုမိုများပြားသော တရုတ်လုပ်ငန်းကုမ္ပဏီများ ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုပြီး ပိုမိုများပြားသော အရေးကြီး စီမံကိန်းများ အကောင်အထည်ဖော်ရန်၊ ဘက်ပေါင်းစုံကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှု များကို ပိုမိုရင်းနှီးစေပြီး ကမ္ဘောဒီးယား-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း၏ အနှစ်သာရ ကို အဆက်မပြတ် ကြွယ်ဝလာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။