ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Marapeသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-04-21 16:26:02  

ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့က ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Marape သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် Port Moresbyမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်တို့သည် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်ပြီး ချစ်ကြည်ရင်းနှီးသော မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးခဲ့ကြောင်း၊ပါပူဝါနယူးဂီနီနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် တရုတ်နိုင်ငံသည် အဆွေတော်တို့၏ ယုံကြည်အားကိုးရဆုံးသော မိတ်ဖက်ဖြစ်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ပါပူဝါနယူးဂီနီနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုများကို လျင်မြန်စွာဆောင်ရွက်ပြီး စီးပွား ကုန်သွယ်ရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုလိုပါကြောင်း ပြောကြားခဲ့သည်။

Marapeက ပါပူဝါနယူးဂီနီနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးအခြေခံ လေးနက်ပြီး နယ်ပယ် ကျယ်ပြန့်ကာ အောင်မြင်မှုရလဒ် များစွာ ရရှိခဲ့ကြောင်း၊ ပါပူဝါနယူးဂီနီနိုင်ငံသည် ကတိများကို လိုက်နာပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဦးလည်မသုန် ကျင့်သုံးကာ မည်သည့် အခြေအနေ မျိုးတွင်မဆို တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကို စွဲကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။