ကုလ အဖွဲ့ဝင် ဖြစ်ရန် ပါလက်စတိုင်း၏ လျှောက်လွှာကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ၊ သမိုင်းကြောင်းနှင့် ကမ္ဘာ့ပြည်သူတို့သည် အမေရိကန်၏ ခေတ်နောက်ပြန်ဆွဲသော လုပ်ရပ်ကို မှတ်မိကြမည်ဟု တရုတ်ဆို

(GMT+08:00)2024-04-20 15:25:37  

ဒေသစံတော်ချိန် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက  ပါလက်စတိုင်းကို ကုလသမဂ္ဂ တရားဝင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ရာ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သော အမေရိကန်၏ ကန့်ကွက်မှုကြောင့် သက်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲတစ်မဲ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ အဆိုပါ မဲပေးမှုတွင် ထောက်ခံမဲ ၁၂ မဲ၊ ကြားနေမဲ ၂ မဲ နှင့် ကန့်ကွက်မဲ အမေရိကန်မှ ၁ မဲ ရှိကြောင်း သိရပါသည်။

ဧပြီလ ၁၉ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က "အမေရိကန်၏ ဗီတိုအာဏာဖြင့် ပယ်ချခြင်းနှင့် နောက်ဆုံး မဲခွဲဆုံးဖြတ်မှု ရလဒ် အပေါ် တရုတ်နိုင်ငံက  မည်သို့ သုံးသပ် သနည်း" ဟူသော နိုင်ငံခြားမီဒီယာ၏ မေးခွန်းကို ဖြေကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်၏ မဲခွဲ ဆုံးဖြတ်ပြီးနောက် ရှင်းလင်းချက် မိန့်ခွန်းတွင် တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြား ပြီဖြစ်ကြောင်း ဖြေ ကြားခဲ့သည်။

"သမိုင်းကြောင်းနှင့် ကမ္ဘာ့ပြည်သူတို့သည် အမေရိကန်၏ ခေတ်နောက်ပြန်ဆွဲသော လုပ်ရပ်ကို မှတ်မိကြမည်” ဟု လင်ကျန့် က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ပါလက်စတိုင်း၏ လျှောက်ထားချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သော်လည်း ဒေသတွင်း ပြည်သူများ၏ အပစ်အခတ်ရပ်စဲရန် အရေးတကြီး တောင်းဆိုချက်ကို ဗီတိုအာဏာဖြင့် ပယ်ချ၍ မရကြောင်း၊ ဂါဇာရှိ အရပ်သားများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုအပေါ် အခြေခံ လိုအပ်ချက်များကို ဗီတိုအာဏာဖြင့် ပယ်ချ၍မရကြောင်း၊ ပါလက်စတိုင်း ပြဿနာကို တရားမျှတပြီး ရေရှည်တည်တံ့စွာ ဖြေရှင်းရန်အတွက် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ပြန့်သော ဆန္ဒကို ဗီတိုအာဏာဖြင့် ပယ်ချ၍မရကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး လင်ကျန့်က တရုတ်နိုင်ငံသည် ပါလက်စတိုင်းအရေးတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ကြင်နာတရားတို့ဘက်တွင် အမြဲတမ်း ရပ်တည်ကြောင်း၊ မိမိတို့သည် ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် အခိုင်အမာ ထောက်ခံပြီး သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင့်အတူ ဂါဇာဒေသ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန်၊ လူသားချင်း စာနာထောက်ထားမှု အခြေအနေ လျော့ပါးရန်၊ "နှစ်နိုင်ငံဖြေရှင်းချက်" အကောင်အထည် ဖော်ဆောင်ရန်တို့အတွက် ဆက်လက် ကြိုးပမ်းပြီး အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ သည်။