တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက် ကို ဖြေကြား

(GMT+08:00)2024-04-19 15:13:25  

အမေရိကန်နိုင်ငံသည် တရုတ် သံမဏိနှင့်အလူမီနီယံထုတ်ကုန်များအပေါ် ကန့်သတ် မှုများ ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်မှာ သက်သေအထောက်အထား မရှိကြောင်း၊ သက်ဆိုင်ရာ ဆောင်ရွက်မှုများသည် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒမှ လုပ်ရပ်များ ပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဧပြီလ ၁၇ရက်နေ့က ပြောကြားခဲ့ပါသည်။
    တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၂၀၁၈ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသည် “နိုင်ငံတော်လုံခြုံရေး” အမည်ဖြင့် တစ်ကမ္ဘာလုံး ကုန်သွယ်ဖက် များ၏ သံမဏိနှင့်အလူမီနီယံထုတ်ကုန်များအပေါ် စိတ်ကြိုက်အခွန်တိုးကောက်ခဲ့ကြောင်း၊ ၄င်းဖြင့် ကုန်သွယ်ဖက်များအား တရားမျှတမှု မရှိသော လိုအပ်ချက်များကို လက်ခံစေရန် ဖိအားပေးပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များစွာ၏ ကန့်ကွက်မှုများ ခံရကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အမေရိကန်နိုင်ငံ၏ သက်ဆိုင်ရာ ဆောင်ရွက်မှုများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်ဟု စီရင်ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းစနစ်နှင့် စည်းမျဉ်းစည်းကမ်းများကို လစ်လျူရှုပြီး စီးပွားကုန်သွယ်ရေးပြဿနာကို နိုင်ငံရေး ကိစ္စ ဖြစ်အောင် လုပ်ဆောင်ခြင်းမှာ အမေရိကန်နိုင်ငံ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အကျိုးမရှိဘဲ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ လုံခြုံတည်ငြိမ်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံအား ကိုယ်ပိုင်ပြဿနာများကို မှန်ကန်စွာ ရှုမြင်ပြီး တရုတ်ထုတ်ကုန်များအပေါ် အခွန် တိုးကောက်ခြင်း ရပ်စဲကာ တရုတ်နိုင်ငံအား အခွန်တိုးကောက်ရန် ဆောင်ရွက်မှုများကို ချက်ချင်းရုပ်သိမ်းရန် တိုက်တွန်းလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်သော ဆောင်ရွက်မှုမှန်သမျှဖြင့် ကိုယ်တိုင်အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။