လီချန်နှင့် ဂျာမနီ ဝန်ကြီးချုပ် Scholz တို့ တရုတ်နှင့် ဂျာမနီ စီးပွားရေး အကြံပေးကော်မတီ ဆွေးနွေးပွဲ တက်ရောက်

(GMT+08:00)2024-04-17 13:48:40  

  တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ဂျာမနီ ဝန်ကြီးချုပ် Scholz တို့သည် ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော တရုတ်နှင့် ဂျာမနီ စီးပွားရေး အကြံပေးကော်မတီ ဆွေးနွေးပွဲသို့ အတူ တက်ရောက်ခဲ့ကြပါသည်။ တရုတ်နှင့် ဂျာမနီ နှစ်နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၂၀ ကျော်တို့သည် ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

   ဆွေးနွေးပွဲတွင် လီချန်က တရုတ်နှင့် ဂျာမနီ နှစ်နိုင်ငံတို့သည် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကို တိုးချဲ့ရမည် ဖြစ်ပြီး နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများသည် ထုတ်လုပ်ရေးနှင့် ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက် လုပ်ငန်းကုမ္ပဏီများ ပိုမို အဆင်ပြေ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် တည်ငြိမ် ပုံမှန် တိုးတက်စေရန်အတွက် တရုတ်အစိုးရသည် ဂျာမနီ အစိုးရနှင့်အတူ ပိုမို များပြားသော မူဝါဒဆိုင်ရာ အားပေးထောက်ခံမှုများကို ပံ့ပိုးပေးလိုပါကြောင်း ပြောကြားပါသည်။

   Scholz က တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အရေးအကြီးဆုံးသော စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု လွန်စွာ ရင်းနှီးကာ နှစ်ဖက်စလုံးက အကျိုးစီးပွား ခံစားနေရကြောင်း၊ ဂျာမနီနိုင်ငံသည် " ချိတ်ဆက်မှု ဖြတ်တောက်ခြင်း" ကို ဆန့်ကျင်ပြီး ဂျာမနီ-တရုတ် စီးပွားကုန်သွယ်ရေး ကူးလူးဆက်ဆံမှုကို ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက်ကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။