ရှီကျင့်ဖိန်သည် ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-04-16 15:11:18  

ယခုလ ၁၆ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ တျောက်ယွီထိုင်-နိုင်ငံတော် ဧည့်ဂေဟာတွင် အလည်အပတ် ရောက်ရှိနေသော ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ဂျာမဏီ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိသည့် ၁၀နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀နှစ် အတွင်း နိုင်ငံတကာ အခြေအနေ ကြီးမားစွာ ပြောင်းလဲခဲ့သော်လည်း တရုတ်-ဂျာမဏီ ဆက်ဆံမှုသည် အစဉ်တစိုက် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေ ကြောင်း၊ တရုတ်နှင့် ဂျာမဏီ နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယနှင့် တတိယ အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်ကြောင်း၊ တရုတ်-ဂျာမဏီ ဆက်ဆံမှု ခိုင်မာတိုးတက်စေရေး၏ အနက်အဓိပ္ပါယ်သည် နှစ်ဖက် ဆက်ဆံမှု နယ်ပယ်ကို ကျော်လွန်ပြီး Eurasia အပါအဝင် တစ်ကမ္ဘာလုံး အတွက် အရေးကြီးကြောင်း၊ နှစ်နိုင်ငံတို့သည် ရေရှည်ရှုထောင့်နှင့် မဟာဗျူဟာ ရှုထောင့်မှနေ နှစ်နိုင်ငံ ဆက်ဆံရေးကို ရှုမြင့်ပြီး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သင့်ကာ ကမ္ဘာ အတွက် ပိုမိုများပြားသည့် တည်ငြိမ်မှုနှင့် သေချာမှုများကို လက်တွဲ ဖော်ဆောင်ပေး သင့်ကြောင်း ပြောကြားခဲ့ပါသည်။

    Scholzက လက်ရှိတွင် ဂျာမဏီ-တရုတ် ဆက်ဆံမှုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အလွှာပေါင်းစုံနှင့် နယ်ပယ်ပေါင်းစုံမှ နှစ်နိုင်ငံသည် ရင်းနှီးသော ကူးလူးဖလှယ်မှုများကို ပြုလုပ်ကြောင်း၊ လွန်ခဲ့သည့် ၂ရက်တွင် မိမိနှင့် ဂျာမဏီ လုပ်ငန်းကုမ္ပဏီ နယ်ပယ်မှ ကိုယ်စားလှယ်များသည် ချုံချင့်နှင့် ရှန်ဟိုင်းစသည့် မြို့များကို ခရီးလှည့်လည်ပြီး မကြာခင် နှစ်များတွင် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ ရရှိခဲ့သော အောင်မြင်မှုများကို မျက်မြင်ကိုယ်တွေ့တွေ့ရှိခဲ့ကြောင်း၊ ဂျာမဏီနှင့် တရုတ် နှစ်နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ အကြားရှိ ကောင်းမွန်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို သဘောကျ ကြောင်း၊ ဂျာမဏီသည် တရုတ် နိုင်ငံနှင့် အတူ နှစ်နိုင်ငံ ဆက်ဆံမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပြီး နယ်ပယ် အသီးသီးတွင် နှစ်ဖက် ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို နက်ရှိုင်းစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။