ဝမ်ယိသည် ဆော်ဒီအာရေဗျ နိုင်ငံခြားရေး ဝန်ကြီး ဖိုင်စိုင်လ်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေး

(GMT+08:00)2024-04-16 14:53:54  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည်  ဧပြီလ ၁၅ ရက်နေ့က ဆော်ဒီအာရေဗျ နိုင်ငံခြားရေး ဝန်ကြီး ဖိုင်စိုင်လ်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။

   ဝမ်ယိက ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန် သံရုံး အဆောက်အအုံကို တိုက်ခိုက်ခြင်း ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြင်းထန်စွာ ဖောက်ဖျက်သည့် လုပ်ရပ်ကို တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ တစ်ချိန်တည်းတွင် တုံ့ပြန် တိုက်ခိုက်မှုသည် မည်သည့် အိမ်နီးနားချင်းနိုင်ငံကိုမဆို ရည်ညွှန်းသည် မဟုတ်ဘဲ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပေါ်လစီကို ဆက်လက် ကျင့်သုံးလိုသည် ဟူသော အီရန်၏ ပြောကြားချက်ကို မိမိတို့ သတိထားမိပါကြောင်း၊ ဆော်ဒီအာရေဗျက သံတမန် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် အလေးထား ပြောကြားခြင်းကို တရုတ်နိုင်ငံက ချီးကျူးပါကြောင်း ပြောကြားပါသည်။

   ဝမ်ယိက တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျနှင့် ကူးလူးဆက်ဆံ ညှိနှိုင်းမှုများကို အားဖြည့်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများကို ကောင်းမွန်စွာ ဖော်ဆောင်၍ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် တိုးမြှင့်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်သစ်ကို တက်လှမ်းရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

  ဖိုင်စိုင်လ်က မျက်မှောက် အရှေ့အလယ်ပိုင်း အခြေအနေ အပေါ် ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့၏ သဘောထားရပ်တည်ချက်သည် အလွန် တူညီပါကြောင်း၊ အငြင်းပွားမှုများကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းရန် နှစ်ဖက်စလုံးက တိုက်တွန်းပြီး နှစ်ဖက်စလုံးသည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေး အတွက် ကြိုးပမ်းနေကြကြောင်း ပြောကြားခဲ့ပါသည်။