ဂျပန်၏ အန္တရာယ်ရှိသော လုပ်ရပ်များသည် မည်သည့်ရည်ရွယ်ချက် ရှိသနည်း

(GMT+08:00)2024-04-15 10:11:11  

မကြာသေးမီက ဂျပန်နိုင်ငံ၏ ဆက်တိုက်လုပ်ဆောင်မှုများကြောင့် အလွှာပေါင်းစုံမှ သတိကြီးစွာ နိုးကြားလာခဲ့သည်။ ယင်းလုပ်ဆောင်မှုများတွင် အမေရိကန်-ဂျပန် လုံခြုံရေး သဘောတူ စာချုပ်ကို  ကြီးမားစွာ အဆင့်မြှင့်တင်ခြင်း၊ တောင်ပင်လယ်၌ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်း နှင့် AUKUSတွင် ပါဝင်ရန် ကြိုးပမ်းမှုတို့ ပါဝင်သည်။ ပြီးခဲ့သည့်နှစ်တွင် ဂျပန်အစိုးရသည် ကာကွယ်ရေး တပ်ဖွဲ့အား "ကာကွယ်ရေးအထူးပြု"မှ "ထိုးစစ်စွမ်းရည် ပိုင်ဆိုင်ခြင်း"သို့ ပြောင်းလဲစေကာ လုပ်ငန်း တာဝန်အသစ်များကို ပေးအပ်ခဲ့သည်။ ဝါရှင်တန်တွင် ကျင်းပခဲ့သည့် ယခုအကြိမ် အမေရိကန်-ဂျပန် ထိပ်သီးဆွေးနွေးပွဲမှာ နှစ်ဘက်စလုံးသည် ၄င်းတို့၏ မဟာမိတ် ဆက်ဆံမှုကို "မဟာမိတ်"ကနေ "ပူးတွဲကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု"ကို အဓိကထား သော "ကမ္ဘာ့မိတ်ဖက်"အဖြစ် အဆင့်မြှင့်တင်မည်ဟု ကြေညာခဲ့ပါသည်။ ထို့အပြင် စစ်ပြီးခေတ်စနစ်၏ အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ သြဇာလွှမ်းမိုးမှု မြှင့်တင်ရန်အတွက် မကြာသေးမီ အချိန်ပိုင်းက ဂျပန်အစိုးရသည်  စစ်ရေးနှင့် လုံခြုံမှု ကာကွယ်ရေး  ဆောင်ရွက်ချက်များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ယင်းဆောင်ရွက်ချက်များတွင် “ကာကွယ်ရေး ပစ္စည်းများ လွှဲပြောင်းခြင်း အခြေခံမူ ၃ရပ်” ပြုပြင်ခြင်း၊ သေကြေအနာတရ ဖြစ်စေသည့် လက်နက်များ တင်ပို့ရောင်းချရန် ခွင့်ပြုခြင်းနှင့်  စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အားဖြည့် ဆောင်ရွက်ခြင်း စသည်တို့ ပါဝင်ပါသည်။ 

အဆိုပါ လုပ်ဆောင်ချက်အသစ်များသည် ဂျပန်နိုင်ငံက ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဝေးကွာသွားပြီး နယ်ပယ်များစွာတွင် အမေရိကန် နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အလျောက် လုပ်ဆောင်သည်ကို ပြသနေကာ တရုတ်နိုင်ငံကို ပစ်မှတ်ထားသည့် ရည်ရွယ်ချက်မှာ ပိုမိုသိသာထင်ရှားသည်ဟု လေ့လာသုံးသပ်သူအချို့က ယုံကြည်ကြသည်။ လေ့လာသုံးသပ်သူများ၏အဆိုအရ ဂျပန်အစိုးရ၏ နောက်ဆုံး ရည်မှန်းချက်မှာ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်ရေး ကန့်သတ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖျက်သိမ်းရန် ဖြစ်သည်။ Asahi Shimbunက "ငြိမ်းချမ်းသော နိုင်ငံအဖြစ် ဂျပန်၏ နိုင်ငံတော် ပုံရိပ် အပေါ် မေးခွန်းထုတ် ခံနေရသည်"ဟု မကြာသေးမီက မှတ်ချက်ပေးခဲ့သည်။ အမေရိကန်နှင့် ဂျပန်တို့အကြား စစ်ရေး မဟာမိတ် အဆင့်မြှင့်တင်ခြင်းသည် ဒေသတွင်း မူလဟန်ချက်ညီမှု ကို ချိုးဖျက်နိုင်ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အပေါ် အန္တရာယ်များ သယ်ဆောင် လာနိုင်သည်။

အာရှ-ပစိဖိတ်ဒေသသည် နိုင်ငံကြီးများအကြား အားပြိုင်ရန် စစ်တုရင်ခုံ မဟုတ်ဘဲ

ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် ဒေသဖြစ်သည်။ အကယ်၍ ဂျပန်သည် "စစ်ရေး အင်အားကြီး နိုင်ငံ" လမ်းကြောင်းသို့ ပြန်လာပြီး စစ်ဝါဒကို ပြန်လည်အသက်ဝင် လာစေမည်ဆိုလျှင် ၎င်းသည် ပို၍အန္တရာယ်များသော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။ စစ်ပုံသွင်းခြင်းကို ရပ်တန့်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ထူထောင်ခြင်းသည် ဂျပန်အစိုးရ လောလောဆယ် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်သည်။