ဘက်အသီးသီးတို့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ တင်းမာမှု ပိုမိုကြီးထွားမလာစေရန် နိုင်ငံများစွာ တိုက်တွန်း

(GMT+08:00)2024-04-15 15:48:05  

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အစ္စရေးပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများ ပစ်လွှတ်ခဲ့သည်ဟု ဧပြီလ ၁၄ရက်နေ့ နံနက်စောစောပိုင်းတွင် ကြေညာခဲ့ပါသည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် အီရန်မှ အစ္စရေးသို့ ပစ်လွှတ်သော ဒရုန်းနှင့် ဒုံးကျည်အချို့ကို ပစ်ချခဲ့သည်ဟု ပြောကြားခဲ့ပါသည်။
    နိုင်ငံများစွာက ဘက်အသီးသီးတို့အား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ တင်းမာမှု ပိုမိုကြီးထွားမလာစေရန် ဧပြီလ ၁၄ရက်နေ့က တိုက်တွန်းခဲ့ကြပါသည်။
    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ တင်းမာမှု ပိုမိုကြီးထွားလာခြင်းကို လွန်စွာဂရုစိုက် ကြောင်း ဖော်ပြထားပါသည်။ ရုရှားနိုင်ငံသည် ဘက်အသီးသီးတို့အား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ပန်ကြားပြီး အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ နိုင်ငံရေးနှင့် သံတမန် နည်းလမ်းများဖြင့် လက်ရှိပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ပါသည်။
    ဂျော်ဒန်နိုင်ငံဘုရင် ဒုတိယမြောက် အဗ္ဗဒူလာက အမေရိကန်နိုင်ငံသမ္မတနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ရာတွင် ဂါဇာဒေသအပေါ် တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲခြင်း သည် ဒေသတွင်းအခြေအနေ ပိုမိုကြီးထွားမလာစေသောနည်းလမ်း ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
    တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ပါလက်စတိုင်း- အစ္စရေးအချင်းပွားမှု တိုးချဲ့ပြီး ပိုမိုကြီးထွားလာနိုင်သော အန္တရာယ်ရှိသည်ဟု တူရကီနိုင်ငံ အနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးတို့အား သတိပေးလျက်ရှိကြောင်း၊ တူရကီနိုင်ငံ အနေဖြင့် ထိုနေ့တွင် သြဇာကြီးသော အနောက်တိုင်းနိုင်ငံများအား သတင်းပေးပို့ခဲ့ရာ ဘက်အသီးသီးတို့အား လုပ်ဆောင်မှုများဖြင့် အခြေအနေ တင်းမာမှု ပိုမိုကြီးထွားမလာစေရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။ ၄င်းကြေညာချက်တွင် ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံရုံးအဆောက်အအုံအပေါ် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှု သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
    ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် အစ္စရေး စစ်ဘက်ဆိုင်ရာပစ်မှတ်များအပေါ် အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများသည် တရားဝင် ခုခံ ကာကွယ်ပိုင်ခွင့် ကျင့်သုံးခြင်း ဖြစ်သဖြင့် ဆီးရီးယားနိုင်ငံအနေဖြင့် ယင်းအတွက် ထောက်ခံ ကြောင်း၊ ဆီးရီးယားအချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံခြင်းအပေါ် အစ္စရေးနိုင်ငံ၏ ထိခိုက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပါသည်။
    အီရတ်အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ-၁၊ အမျိုးသားလွှတ်တော် ခေတ္တဥက္ကဋ္ဌ Mohsen Al-Mandalawi က ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံရုံး တိုက်ခိုက်ခံရခြင်းအပေါ် အီရန်နိုင်ငံ၏ တုံ့ပြန် ဆောင်ရွက်မှုသည် သဘာဝကျပြီး တရားဝင်သော အခွင့်အရေး ဖြစ်သဖြင့် နိုင်ငံတကာ စည်းမျဉ်းဥပဒေနှင့် နိုင်ငံတကာ သဘောတူ စာချုပ်များ၏ ကာကွယ်မှုကို ရရှိသင့်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့အပြင် ဘရာဇီး၊ မက္ကဆီကို၊ ဗင်နီဇွဲလားနှင့် ကိုလံဘီယာစသည့် လက်တင် အမေရိကနိုင်ငံများသည်လည်း သက်ဆိုင်ရာဘက်အသီးသီးတို့အား တတ်နိုင်သမျှ ထိန်းချုပ်ကြရန် ပန်ကြားခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား အခြေအနေ တင်းမာမှု ပိုမိုကြီးထွားမလာအောင် ကြိုးပမ်းဆောင်ရွက်ရန် ပန်ကြားခဲ့ကြပါသည်။