ဖိလစ်ပိုင် ဆိုင်ရာ တရုတ် သံရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-04-13 16:42:06  

ဖိလစ်ပိုင် နိုင်ငံ သမ္မတ Ferdinand Marcosက တောင်ပင်လယ် အခြေအနေ တင်းမာမှု အရှိန်မမြင့်စေရန် အဆင့်ပေါင်းစုံမှ တရုတ်ဘက်နှင့် ဆွေးနွေးခြင်းကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ လက်ရှိ Ren'ai Reef(Second Thomas Shoal)အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်းနှင့် ပတ်သက်၍ တရုတ်ဘက်မှ မည်သည့် အမြင်သဘောရှိသနည်းဟု သတင်းထောက် တစ်ဦးက ဖိလစ်ပိုင် ဆိုင်ရာ တရုတ် သံရုံး ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့ပါသည်။ ၄င်းမေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူက တရုတ်ဘက်သည် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖိလစ်ပိုင်ဘက်နှင့် အတူ တောင်ပင်လယ် သဘောကွဲလွဲမှုကို သင့်လျော်ပြေလည်စွာ စီမံထိန်းချုပ်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ လက်ရှိ Ren'ai Reef အခြေအနေကို ကိုင်တွယ်ဖြေရှင်းရေး နှင့်ပတ်သက်၍ တရုတ်ဘက်၏ သဘောထား ရပ်တည်ချက်များသည် ရှင်းလင်းပြတ်သား ကြောင်း ပြောကြားခဲ့ပါသည်။

၄င်းပြောရေးဆိုခွင့်ရှိသူက ပထမ အချက်သည် ဖိလစ်ပိုင် စစ်သင်္ဘော Ren'ai Reefတွင် အချိန်ကြာရှည်စွာ တရားမဝင် တည်ရှိနေပြီး တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးကျော်ထိပါးကာ “တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ဆောင်ရွက်ရေး ကြေညာ ချက်”ကို ကျောခိုင်းနေကြောင်း၊ ၄င်းစစ်သင်္ဘောကို အမြန်ဆုံး ပြန်ဆွဲပြီး Ren'ai Reefတွင် လူနှင့် အဆောက်အအုံ မရှိသော မူလ အနေအထားကို ချက်ချင်း ပြန်ဖြစ်စေရန် တရုတ်ဘက်သည် ဖိလစ်ပိုင်ဘက်အား တောင်းဆိုကြောင်း၊ ဒုတိယ အချက် ကတော့ တရားမဝင် တည်ရှိနေသော စစ်သင်္ဘောကို ပြန်မဆွဲခင်တွင် ဖိလစ်ပိုင်ဘက်သည်  ၄င်းသင်္ဘောပေါ်ရှိ ဝန်ထမ်းများ အတွက် နေ့စဉ်သုံး နေထိုင်မှု ပစ္စည်းများ ထောက်ပံ့ပေးချင်ပါက တရုတ်ဘက်အား ကြိုတင် အကြောင်းကြား အသိပေးသည့် အခြေအနေမျိုးတွင် တရုတ်ဘက် အနေနှင့် လူသားချင်း စာနာမှု ဝါဒဖြင့် သက်ဆိုင်ရာ နေရာကို စစ်ဆေးမှု ပြုလုပ်ပြီး ဖိလစ်ပိုင်ဘက်အား ပစ္စည်းထောက်ပံ့ရန် ခွင့်ပြုမည် ဖြစ်ကြောင်း၊ တရုတ်ဘက်သည် ၄င်းထောက်ပံ့မှု ဖြစ်စဉ် တစ်လျှောက်လုံးကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း၊ တတိယ အချက်က ဖိလစ်ပိုင်ဘက်က ဆောက်လုပ်ရေး ပစ္စည်းများကို ၄င်းသင်္ဘောပေါ်သို့ ပို့ဆောင်ပြီး ပုံသေ အဆောက်အအုံနှင့် ထာဝစဉ် ကင်းရုံးကို တည်ဆောက်ရန် ကြံစည်ပါက တရုတ်ဘက် အနေနှင့် လုံးဝ လက်မခံနိုင်ကြောင်း၊ တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် “တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင် ရွက်ရေးကြေညာချက်”၏ လေးနက်ခြင်းကို ထိန်းသိမ်းကာကွယ်ရန် အတွက် သက်ဆိုင်ရာ စည်းမျဉ်း ဥပဒေများ အရ ပြတ်ပြတ်သားသား တားဆီးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။