Ren'ai Reefနှင့် ပတ်သက်၍ ဖိလစ်ပိုင် သမ္မတ၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရပ်တည်ချက် ၃ခုကို တုံ့ပြန်ပြောဆို

(GMT+08:00)2024-04-12 16:15:21  

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၁၁ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာတွင် Ren'ai ReefSecond Thomas Shoalနှင့် ပတ်သက်၍ မကြာခင်က ဖိလစ်ပိုင် နိုင်ငံ သမ္မတ Ferdinand Marcos၏ သက်ဆိုင်ရာ ပြောဆိုချက်နှင့် ပတ်သက်၍ သတင်းထောက်က မေးမြန်းခဲ့ပါသည်။ သက်ဆိုင်ရာ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်က လက်ရှိ Ren'ai Reef အခြေအနေကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ တရုတ်ဘက်၏ သဘောထား ရပ်တည်ချက်များသည် ရှင်းလင်းပြတ်သားကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

မော်နင်က ပထမ အချက်သည် ဖိလစ်ပိုင် စစ်သင်္ဘော Ren'ai Reefတွင် အချိန်ကြာရှည်စွာ တရားမဝင် တည်ရှိနေပြီး တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးကျော်ထိပါးကာ “တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ဆောင်ရွက်ရေး ကြေညာ ချက်”ကို ကျောခိုင်းနေကြောင်း၊ Ren'ai Reefတွင် လူနှင့် အဆောက်အအုံ မရှိသော မူလ အနေအထားကို ချက်ချင်း ပြန်ဖြစ်စေရန် တရုတ်ဘက်သည် ဖိလစ်ပိုင်ဘက်အား တောင်းဆိုကြောင်း၊ ဒုတိယ အချက် ကတော့ တရားမဝင် တည်ရှိနေသော စစ်သင်္ဘောကို ပြန်မဆွဲခင်တွင် ဖိလစ်ပိုင်ဘက်သည်  ၄င်းသင်္ဘောပေါ်ရှိ ဝန်ထမ်းများ အတွက် နေ့စဉ်သုံး နေထိုင်မှု ပစ္စည်းများ ထောက်ပံ့ပေးချင်ပါက တရုတ်ဘက်အား ကြိုတင် အကြောင်းကြား အသိပေးသည့် အခြေအနေမျိုးတွင် တရုတ်ဘက် အနေနှင့် လူလူချင်း စာနာမှု ဝါဒဖြင့် သက်ဆိုင်ရာ နေရာကို စစ်ဆေးမှု ပြုလုပ်ပြီး ဖိလစ်ပိုင်ဘက်အား ပစ္စည်းထောက်ပံ့ရန် ခွင့်ပြုမည် ဖြစ်ကြောင်း၊ တရုတ်ဘက်သည် ၄င်းထောက်ပံ့မှု ဖြစ်စဉ် တစ်လျှောက်လုံးကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း၊ တတိယ အချက်က ဖိလစ်ပိုင်ဘက်က ဆောက်လုပ်ရေး ပစ္စည်းများကို ၄င်းသင်္ဘောပေါ်သို့ ပို့ဆောင်ပြီး ပုံသေ အဆောက်အအုံနှင့် ထာဝစဉ် ကင်းရုံကို တည်ဆောက်ရန် ကြံစည်ပါက တရုတ်ဘက် အနေနှင့် လုံးဝ လက်မခံနိုင်ကြောင်း၊ တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် “တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင် ရွက်ရေးကြေညာချက်”၏ လေးနက်ခြင်းကို ထိန်းသိမ်းကာကွယ်ရန် အတွက် သက်ဆိုင်ရာ စည်းမျဉ်း ဥပဒေများ အရ ပြတ်ပြတ်သားသား တာဆီးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။