ရှီကျင့်ဖိန်နှင့် ဘရာဇီး သမ္မတ Lulaသည် တရုတ်-ဘရာဇီး နှစ်နိုင်ငံ ပါတီတို့၏ သတ္တမ အကြိမ် သီအိုရီ ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-04-10 13:27:51  

ယခုလ ၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီနှင့် ဘရာဇီး အလုပ်သမား ပါတီ၏ သတ္တမ အကြိမ် သီအိုရီ ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို‌ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီး အလုပ်သမားပါတီ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ Lulaသည် နှီးနှောဖလှယ်ပွဲသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ပါသည်။

ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုအကြိမ် တရုတ်နှင့် ဘရာဇီး နှစ်နိုင်ငံ ပါတီတို့က “အာဏာရပါတီ ထူထောင်မှု အားဖြည့်ဆောင်ရွက်ပြီး ခေတ်မီရေး လမ်းကြောင်း ကို စူးစမ်းလေ့လာရေး”ဟူသော ဆောင်ပုဒ်နှင့် ပတ်သက်၍ သီအိုရီ ဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်ခြင်းသည် အချိန်ကိုက်ပြီး အာဏာရပါတီ ထူထောင်မှု အားဖြည့်ဆောင်ရွက်ရေး အတွက်ရော၊ ကိုယ့်နိုင်ငံများ၏ ထူးခြားချက် ဝိသေသနှင့် ကိုက်ညီသော ခေတ်မီရေး လမ်းကြောင်းကို စူးစမ်းလေ့လာရေး အတွက်ပါ အရေးကြီးသည့် အနက်အဓိပ္ပာယ် ရှိကြောင်း ဖော်ပြပါသည်။

သမ္မတLula၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ဘရာဇီး-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံ အတွက်ရော၊ ကမ္ဘာ အတွက်ပါ အလွန် အရေးကြီးကြောင်း၊ ယခုအကြိမ် ဘရာဇီး အလုပ်သမား ပါတီ အဆင့်မြင့် ခေါင်းဆောင်များ ကြည့်ရှုလေ့လာရေး ကိုယ်စားလှယ် အဖွဲ့မှ တရုတ် နိုင်ငံသို့ ခရီးလှည့်လည်ပြီး တရုတ် ကွန်မြူနစ်ပါတီနှင့် ဘရာဇီး အလုပ်သမား ပါတီတို့၏ သတ္တမ အကြိမ် သီအိုရီ ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ တရုတ် ကွန်မြူနစ်ပါတီနှင့် တိုင်းပြည် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများ ကူးလူးဖလှယ်မှု ပြုလုပ်ပြီး အတူ စိတ်ဝင်စားကြသော ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ပြုလုပ်ရန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။