ရှီကျင့်ဖိန်သည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံ

(GMT+08:00)2024-04-10 10:35:37  

  

ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။。

  ရှီကျင့်ဖိန်သည် သမ္မတ ပူတင်အား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်ကြောင်းကို လာဗ်ရောဗ် မှ တစ်ဆင့် ပြောပေးရန် မှာကြားပြီး ယခုနှစ်သည် တရုတ်နှင့် ရုရှား သံမတန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားတို့သည် နိုင်ငံကြီးအကြား၊ အိမ်နီးချင်းနိုင်ငံအကြား သင့်မြတ်စွာ ယှဉ်တွဲနေထိုင်သည့်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် သစ်လွင်သော လမ်းကြောင်းအတိုင်း လက်တွဲ လျှောက် လှမ်းကြကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုရုံသာမက နိုင်ငံတကာ တရားမျှတရေးအတွက်လည်း ဉာဏ်ပညာနှင့် အင်အားများကို ဆောင်ကြဉ်းပေးလာကြောင်း၊ မိမိနှင့် သမ္မတ ပူတင်တို့သည် ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်းထားပြီး နှစ်ဖက်ဆက်ဆံမှု အစဉ်တစိုက် ချောမော တည်ငြိမ်စွာ ရှေ့သို့ တိုးတက်လာဖို့ အာမခံပေးရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ရုရှားပြည်သူများက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း လျှောက် လှမ်းခြင်းကို ထောက်ခံပြီး ရုရှားက အကြမ်းဖက်မှု တိုက်ဖျက်ခြင်းနှင့် လူမှု အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

   လာဗ်ရော့ဗ်သည် သမ္မတ ပူတင်ပြောကြားသည့် သမ္မတ ရှီကျင့်ဖိန်အား ခင်မင်ရင်းနှီးသော နှုတ်ခွန်း ဆက်သခြင်းနှင့် ဆုမွန်ကောင်း တောင်းပေးခြင်းစကားကို တစ်ဆင့် ပြောပြခဲ့ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဘက်စုံ ခိုင်ခံ့ တိုးမြှင့်ပေးခြင်းသည် ရုရှား၏ နိုင်ငံခြားရေး ပေါ်လစီ၏ ဦးစားပေးမူဝါဒ ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ အနေနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများကို ထိရောက်စွာ ဖော်ဆောင်ပေးပြီး နှစ်ဦးနှစ်ဖက်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ အခြားသော ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများနှင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေး၍ ပိုမို တရားမျှတသော နိုင်ငံတကာ စည်းစနစ် ဖြစ်တည်ရေးကို တွန်းအား ပေးရန် လက်တွဲ အကျိုးပြုစွမ်းဆောင်လိုပါကြောင်း ပြောကြားခဲ့ပါသည်။