Yellen၏ တရုတ်ခရီးစဉ် ပြီးနောက် အမေရိကန်က အမှန်တကယ် တာဝန် ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်

(GMT+08:00)2024-04-09 15:23:41  

 အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Yellen ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ ဧပြီလ ၉ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တရုတ်ခရီးစဉ်အတွင်း တရုတ်နဲ့ အမေရိကန် နှစ်ဖက်တို့ဟာ အဆင့်မျိုးစုံ၊ ကဏ္ဍ မျိုးစုံ ဖြစ်တဲ့ ဆွေးနွေးပွဲများကို ပြုလုပ်ကြကာ နှစ်နိုင်ငံ ခေါင်းဆောင်များရဲ့ အရေးကြီး သဘောတူညီချက်များကို လက်တွဲ ဖော်ဆောင်ပေးရန် သဘောတူကြတဲ့အပြင် စီးပွားရေးနဲ့ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး နယ်ပယ်မှာလည်း သဘောတူညီမှုအသစ်ကို ရရှိခဲ့ပါတယ်။ Yellen က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်ဖက်တို့ရဲ့ စီးပွားရေး ဆက်ဆံမှုကို တာဝန် ကျေပွန်စွာ စီမံခန့်ခွဲသင့်ကြောင်း ဖော်ပြပြီး တရုတ်နိုင်ငံနဲ့ ချိတ်ဆက်မှု ဖြတ်တောက်ရန်ကို မရှာကြံကြောင်းလည်း ထပ်ထောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

   Yellen က "တာဝန် ကျေပွန်စွာ ဆောင်ရွက်ခြင်း" အကြောင်းကို ပြောမိတော့ အမှန်တကယ် "တာဝန် ကျေပွန်စွာ ဆောင်ရွက်ခြင်း"က ဘာလဲ ဆိုတာကို နည်းနည်း ပြောသင့်ပါတယ်။

   ရှေးဦးစွာ အမေရိကန်အနေနဲ့ စီးပွားကုန်သွယ်ရေး ကိစ္စရပ်များကို နိုင်ငံရေး ကိစ္စ ဖြစ်အောင် ပြုလုပ်ခြင်းကို ရပ်တန့်သင့်သလို "လုံခြုံရေး" အကြောင်းပြချက်နဲ့ "မလုံခြုံမှုများ" ပြုလုပ်ခြင်းကိုလည်း ရပ်တန့်သင့်တယ်။ Yellen ရဲ့ ဒီအကြိမ် တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်နိုင်ငံက အမေရိကန်ရဲ့ တရုတ်လုပ်ငန်းကုမ္ပဏီများကို အရေးယူပိတ်ဆို့ခြင်း၊ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းများအပေါ် အခွန် တိုးကောက်ခြင်း၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ခြင်း စတဲ့ ဆောင်ရွက်မှုတွေအပေါ် လွန်စွာ အာရုံစိုက်နေကြောင်းကို ဖော်ပြခဲ့တယ်။ အမေရိကန် အနေနဲ့ အဲဒါတွေကို မပြောင်းလဲပါက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုဟာ ပုံမှန် လမ်းကြောင်းပေါ်သို့ ရောက်နိုင်မှာ မဟုတ်ဘူး ဆိုတာကို နားလည် သိရှိသင့်တယ်။

   ယင်းအခြေခံပေါ်မှာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင် ရွက်မှုများဟာ စီးပွားရေး ဥပဒေသနဲ့ ဈေးကွက် ဥပဒေသ အတိုင်း ဖော်ဆောင်သင့်ပါတယ်။

   တရုတ်နဲ့ အမေရိကန် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများဟာ နက်ရှိုင်းစွာ ရောယှက် ထားပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ခြင်းဟာ နှစ်နိုင်ငံအတွက် အကျိုးရှိရုံသာမက နိုင်ငံတကာ စီးပွားရေး တိုးတက်မှုအတွက်လည်း အကျိုးရှိကြောင်း သမိုင်းမှ အတွေ့အကြုံများက သက်သက်ပြခဲ့ပါပြီ။ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု တည်ငြိမ်လာနေတဲ့ မျက်မှောက်အချိန်မှာ အမေရိကန်က ကတိကဝတ်များကို လက်တွေ့ ဖော်ဆောင်ပြီး ဆန်ဖရန်စစ္စကို မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အမေရိကန်က အမှန်တကယ် "တာဝန် ကျေပွန်စွာ ဆောင်ရွက်" နိုင် ၊ မနိုင်ကို တစ်ကမ္ဘာလုံးက ကြည့်နေကြတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။