ရှီကျင့်ဖိန်သည် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်

(GMT+08:00)2024-04-03 10:54:11  

ဧပြီလ ၂ ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အမေရိကန် သမ္မတ ဘိုင်ဒင် နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်ဖက်စလုံးအတူဂရုစိုက်ကြသော ကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့ကဲ့သို့ နိုင်ငံကြီးနှစ်နိုင်ငံတို့သည် မထိတွေ့၊ မဆက်ဆံလို့ မရသလို ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်လို့ ပို၍မရကြောင်း၊ အပြန်အလှန်လေးစားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကာ  ပူးပေါင်းဆောင်ရွက်ပြီးအကျိုးတူအောင်မြင်သင့်ကြောင်း၊ အပြန်လမ်းကို မလျှောက်ဘဲ  တည်ငြိမ်၊ ပုံမှန်၊ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်း အတိုင်း ရှေ့သို့ဆက်လက်ချီတက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဘိုင်ဒင်က အမေရိကန်သည် "စစ်အေးတိုက်ပွဲသစ်" ပြုလုပ်ရန်၊ တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန်၊ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာခြင်းဖြင့်  တရုတ်နိုင်ငံကို ဆန့်ကျင်ရန် မရှာကြံကြောင်း၊ "ထိုင်ဝမ်သီးခြားတည်ရှိရေး" ကိုမထောက်ခံကာ တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ရန်ရည်ရွယ်ချက်မရှိကြောင်း၊ အမေရိကန်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာအတွက် အကျိုးရှိပြီး အမေရိကန်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် မရှာကြံကာ တရုတ်နိုင်ငံနှင့်ချိတ်ဆက်မှုဖြတ်တောက်ရန် မရှာကြံကြောင်း၊ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုကို တိုးမြှင့်ရန်၊ အထင်လွဲမှုများ ရှောင်ရှားရန်၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာ တိုးတက်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းရန်တို့အတွက် မကြာမီကာလအတွင်း ဘဏ္ဍာရေးဝန်ကြီး Yellen နှင့် နိုင်ငံခြားရေးဝန်ကြီး Blinken တို့အား တရုတ်နိုင်ငံသို့ သွားရောက် ခရီးလှည့်လည်ရန် စီစဉ်ဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။