လီချန် သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourne နှင့် တွေ့ဆုံ

(GMT+08:00)2024-04-02 15:33:53  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် ဧပြီလ ၁ရက်နေ့ ညနေပိုင်းတွင် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourne နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် လီချန် က ကာလရှည်ကြာအတွင်းတွင် တရုတ်-ပြင်သစ် ဆက်ဆံရေးသည် တရုတ်-အနောက်တိုင်းနိုင်ငံကြီးများအကြားဆက်ဆံရေး၏ ရှေ့တန်း တွင် တည်ရှိပြီး နှစ်နိုင်ငံပြည်သူများအား အကျိုးပြုစွမ်းဆောင်သည့်အပြင် ကမ္ဘာအတွက် နက်ရှိုင်းသော သြဇာလွှမ်းမိုးမှုလည်း ရှိကြောင်း၊ ယခုနှစ်သည် တရုတ်-ပြင်သစ်နှစ်နိုင်ငံ အကြား သံတမန်အဆက်အသွယ် ထားရှိသည့် အနှစ်၆၀ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် တို့သည် ဂုဏ်ပြုကြောင်းသဝဏ်လွှာများကို အပြန်အလှန်ပေးပို့ခဲ့ရာ နှစ်နိုင်ငံအကြားဆက်ဆံရေး တစ်ဆင့်တက်ဖွံ့ဖြိုးတိုးတက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီး သော သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး အဆင့်ဆင့် ကူးလူးဖလှယ်မှုများကို မြှင့်တင်ကာ အစဉ်အလာချစ်ကြည်ရေးကို ထွန်းကားစေရန်၊ အပြန်အလှန်အကျိုးရှိစေသောပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန် နားလည်မှုများ တိုးပွားစေကာ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဦးလည်မသုန် တွန်းအား ပေးရန်၊ တရုတ်-ပြင်သစ်ဆက်ဆံရေး၏ တည်ငြိမ်မှုဖြင့် နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးပြီး ဘက်ပေါင်းစုံညှိနှိုင်းဆောင်ရွက်ခြင်းများဖြင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော သေချာရေရာမှုများကို ထည့်သွင်းပေးရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။
    Stephane Sejourne က ပြင်သစ်-တရုတ်ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်ရော ကမ္ဘာ့အတွက်ပါ အရေးကြီးသော သြဇာလွှမ်းမိုးမှု ရှိကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် အမှီအခိုကင်းစွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိရေးကို စွဲကိုင်ထားပြီး အုပ်စုအလိုက် ထိပ်တိုက်ရင်ဆိုင်မှု၊ ချိတ်ဆက်မှု ဖြတ်တောက်ခြင်းတို့ကို ဆန့်ကျင်ကာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာစွာ လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပြင်သစ်-တရုတ် သံတမန်အဆက်အသွယ် ထားရှိသည့် အနှစ်၆၀ပြည့်မြောက်သည့်နှစ် ဟူသောအခွင့်ကောင်းကို ယူပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် သဘော တူညီမှုများကိုအကောင်အထည်ဖော် ကာ စီးပွားကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ AI နှင့် လူမှုယဉ်ကျေးမှုစသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ တစ်ကမ္ဘာလုံးစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ပြီး ပြင်သစ်-တရုတ် ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တက် ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။