အနာဂတ် အခွင့်အလမ်းများသည် တရုတ်နိုင်ငံတွင် ရှိနေသည်ဟု ပိုအော် အာရှ ဖိုရမ် တက်ရောက်လာသူများက ဆို

(GMT+08:00)2024-03-31 14:39:26  

မကြာသေးမီက ကျင်းပခဲ့သော ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် တက်ရောက်လာသူ အများအပြားက တရုတ်နိုင်ငံသည် အလွန်ကြီးမားသော စျေးကွက်ရှိ ကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့်မားသော တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းစနစ်၊ လူရည်ချွန်နှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်များတွင် အားသာချက်များရှိနေကြောင်း၊ တရုတ်စီးပွားရေးသည် ရေရှည်ခံနိုင်ရည်အားကောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာသစ်များ ရှိကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်ဖိုရမ်အတွင်း ပါဝင်သူများသည် တရုတ်နိုင်ငံ၏ လျင်မြန်သော မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အလွန် သဘောကျခဲ့ကြသည်။ ယခုနှစ် ဖိုရမ်သည် ပိုအော် အာရှ ဖိုရမ် သုည ကာဗွန် စံပြဇုန်(Zero-Carbon Demonstration Zone)ကို စတင်ပြီးနောက် ကျင်းပသည့် ပထမဆုံးအကြိမ် နှစ်ပတ်လည် အစည်းအဝေးဖြစ်သည်။ နေရာအားလုံးသည် မြစိမ်းရောင် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ဖော်ဆောင်ပြီး ကာဗွန်ဓာတ်ပြယ်မှု (carbon neutral) ရှိသော အစည်းအဝေး ကျင်းပရန် ပန်းတိုင်ကို အကောင်အထည် ဖော်ဆောင်နိုင် ခဲ့သည်။ သက်ဆိုင်ရာအချက်အလက်များအရ တရုတ်နိုင်ငံသည် မြစိမ်းရောင် အခြေခံ အဆောက်အအုံ၊ မြစိမ်းရောင်စွမ်းအင်၊ မြစိမ်းရောင်နေထိုင်မှု စသည့် နယ်ပယ်များတွင် အတိုင်းအတာ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု ဈေးကွက် ပမာဏသည် နှစ်စဉ် တရုတ် ယွမ်ငွေ ၁၀ ထရီလီယံအထိ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

အတူတကွ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်မှုနှင့် ခွဲမရပေ။ မကြာသေးမီက တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လုပ်ကိုင်ရန် ကန့်သတ်သည့် လုပ်ငန်း နယ်ပယ် အမည်စာရင်း ဆက်လက်လျှော့ချရေး၊ ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် ကန့်သတ် ချက်များ ဘက်စုံ ဖျက်သိမ်းရေးနှင့် နိုင်ငံခြားကုမ္ပဏီများအား တရုတ် ကုမ္ပဏီများနှင့် တူညီသော အကျိုးခံစားခွင့် ရှိစေရေး အကောင်အထည်ဖော်ဆောင်ခြင်း စသည့် အဆင့်မြင့်မားသော တံခါးဖွင့်မှု ဆောင်ရွက်ချက်များ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံတွင် အသစ်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီ အရေအတွက်သည် ၃၄.၉ ရာခိုင်နှုန်း တိုးလာကြောင်း နောက်ဆုံး အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုသည် အခြားနိုင်ငံများအတွက် အလွန်ကြီးမားသော စျေးကွက်နှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ပေးအပ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် တည်ငြိမ်မှု မြှင့်တင်ရေး အတွက်  အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

လူအများသည် တရုတ်နိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု၊ တံခါးဖွင့်မှုနှင့် အတူမျှဝေမှု ရှိသည့် အနာဂတ်ကို တွေ့မြင်ကြသည်။