Yellen၏ ထူးဆန်းသော ပြောဆိုချက်ကို အမေရိကန် အင်တာနက်သုံးစွဲသူများ အဘယ်ကြောင့် လှောင်ပြောင်နေကြသနည်း

(GMT+08:00)2024-03-30 13:13:52  

မကြာသေးမီက Georgiaပြည်နယ်ရှိ photovoltaic cell စက်ရုံတစ်ရုံသို့ ခရီးလှည့်လည်ရာတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet L. Yellen က တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်းတွင် "ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေခြင်း"(Overcapacity) ပြဿနာ ရှိကြောင်း၊ ယင်းသည် ကမ္ဘာ့စျေးနှုန်းများနှင့် ထုတ်လုပ်မှုပုံစံများကို ပုံပျက်သွားစေပြီး အမေရိကန်ကုမ္ပဏီများနှင့် အလုပ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်စေသောကြောင့် အမေရိကန်ကုမ္ပဏီများနှင့် အလုပ်သမားများ တရားမျှတသော ပလက်ဖောင်းပေါ်တွင် ယှဉ်ပြိုင်မှုရှိစေရန် ဆောင်ရွက်ချက်များကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်သည် အမေရိကန် အင်တာနက်သုံးစွဲသူများ၏ လှောင်ပြောင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

တရုတ်နိုင်ငံကို ပုတ်ခတ်ပြောဆိုခြင်းမပြုမီ Yellenသည် စီးပွားရေး ပညာကို ပြန်လည်သုံးသပ်သင့်သည်။ "ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေခြင်း” ဆိုသည်မှာ အမှန်တကယ် ထုတ်လုပ်နိုင်စွမ်းက စျေးကွက်ဝယ်လိုအားထက် ကျော်လွန်ခြင်းကို ရည်ညွှန်းပါသည်။ သို့သော်လည်း လက်ရှိအချိန်တွင် လူသားတို့သည်  တင်းမာခက်ခဲသော ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် စွမ်းအင် အသုံးပြုမှု အသွင်ကူးပြောင်းရေးကို  အင်တိုက်အားတိုက် မြှင့်တင်နေကြပြီး သန့်ရှင်းသော စွမ်းအင် လိုအပ်ချက်နှင့် ထောက်ပံ့မှုအကြား ကွာဟချက်များစွာ ရှိနေသေးသည်။ ထို့ကြောင့်၊ "ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေခြင်း” ဆိုသည့် ပြောဆိုချက်သည် အထောက်အထား မရှိပါ။

တရုတ် နိုင်ငံက “ကမ္ဘာ့ဈေးနှုန်းကို ပုံပျက်စေခြင်း” ဆိုသည်မှာ အထောက်အထား လည်း မရှိပါ။ သင့်လျော်သောစျေးနှုန်းသည် လုံလောက်သော စျေးကွက် ယှဉ်ပြိုင်မှုဖြင့် ဖြစ်လာသည်။ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည့် အကြောင်းရင်းမှာ သက်သာသည့်ဈေးနှုန်းဖြင့်  ပုံအောရောင်းချမှုနှင့်  စက်မှု လုပ်ငန်း ကာကွယ်မှုတို့ကြောင့် မဟုတ်ဘဲ သိပ္ပံနည်းပညာဆိုင်ရာ စွမ်းပကား၊ အရည်အသွေး ကောင်းမွန်သည့် ကုန်ပစ္စည်းများနှင့် ပြီးပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက်ရှိခြင်းတို့ ကြောင့် ဖြစ်ပါသည်။

zero-sum gameအတွေးအခေါ်ကို ကိုင်စွဲထားသော အမေရိကန် နိုင်ငံရေးသမား အချို့၏ အမြင်တွင်၊ ကမ္ဘာ့စက်မှုလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် တရုတ်နိုင်ငံ၏ အဆင့်နေရာ မြင့်တက်လာခြင်းသည် အမေရိကန်ကုမ္ပဏီများအတွက် အခွင့်အလမ်းများ လျော့နည်းလာသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့သည် “ထုတ်လုပ်နိုင်စွမ်း ပိုလျှံမှု”ဟူသော အကြောင်းပြုချက်များကို အသုံးပြုပြီး တရုတ်နိုင်ငံကို အသရေဖျက်ကာ တရုတ်ပြည်သူများ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေးကို ဆုံးရှုံးစေရန် ကြံစည်နေသည်။ ပိုမိုနက်ရှိုင်းသောရှုထောင့်မှကြည့်လျှင် Yellen၏ ပြောကြား ချက်၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် တရုတ်နိုင်ငံအပေါ် တင်းမာသော ရပ်တည်ချက်ကို ပြသပြီး ပြန်လည်အရွေးခံရန် ကြိုးပမ်းနေသည့် အမေရိကန် သမ္မတ အတွက် မဲဆွယ်ရန် ဖြစ်သည်။ နောက်တစ်ဖက်တွင်မူ စက်မှုလုပ်ငန်းမူဝါဒနှင့် ကုန်သွယ်ရေးမူဝါဒအရ တရုတ်နိုင်ငံကို ဖိအားပေးရန် ဖြစ်သည်။