ရှီကျင့်ဖိန်သည် သီရိလင်္ကာဝန်ကြီးချုပ် Gunawardanaနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-03-28 14:14:14  

ယခုလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရားဝင် အလည်အပတ် ရောက်ရှိလာသော သီရိလင်္ကာ နိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardana နှင့် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်-သီရိလင်္ကာ ဆက်ဆံမှုကို ခိုင်မာစေပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ဘုံမျှော်လင့်ချက်များနှင့် ကိုက်ညီကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် နှစ်နိုင်ငံ အကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ တိုင်းပြည်စီမံအုပ်ချုပ်ရေး တွင် အတွေ့အကြုံများ ဖလှယ်မှုကို အားဖြည့်ပြုလုပ်ရန်၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ အရည်အသွေးမြင့်မားသော Belt and Road ပူးတွဲ တည်ဆောက်ရန်နှင့် တရုတ်-သီရိလင်္ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်အတွက် သီရိလင်္ကာနိုင်ငံနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

Gunawardanaက သီရိလင်္ကာသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြတ်ပြတ်သားသား လိုက်နာကျင့်သုံးပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒကို ပြတ်ပြတ်သားသား လိုက်နာကျင့်သုံးကာ နိုင်ငံခြားဆက်ဆံရေး၌ တရုတ်နိုင်ငံကို ဦးစားပေးနေရာတွင် အမြဲတမ်း ထားရှိကြောင်း ပြောကြားခဲ့သည်။