တရုတ်-သြစတြေးလျ ဆက်ဆံရေး နောက်ပြန်မဆုတ်တော့အောင် မည်သို့ ဆောင်ရွက် မည်နည်း

(GMT+08:00)2024-03-22 15:09:18  

ယခုနှစ်သည် တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံ အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် ၁၀နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတက်အကျနှင့် ကြုံတွေ့ခဲ့ရပြီး အရင်းခံ အကြောင်းအရင်းမှာ ယခင် သြစတြေးလျ အစိုးရသည် တရုတ် နိုင်ငံကို ထိန်းချုပ်ဟန့်တားမှု ပြုလုပ်ရာတွင် အမေရိကန်၏ ရှေ့ပြေးအဖွဲ့အဖြစ် မျက်စိမှိတ် ဆောင်ရွက်ပြီး တရုတ် နိုင်ငံ အပေါ် မှားယွင်းသော မူဝါဒများ ချမှတ်ကျင့်သုံးခဲ့ခြင်းကြောင့် တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် ၂၀၁၈ ခုနှစ်ကတည်းက ကျဆင်းလာခဲ့သည်။ ၂၀၂၂ ခုနှစ် မေလတွင် သြစတြေးလျ၏ လက်ရှိ  လေဘာပါတီ အစိုးရသည် တရုတ် နိုင်ငံ ဆိုင်ရာ မူဝါဒကို ပြန်လည် ပြုပြင်ချိန်ညှိပြီး တရုတ်-သြစတြေးလျ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အလှည့် အပြောင်း စတင်ခဲ့သည်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် သြစတြေးလျ ဝန်ကြီးချုပ် Albanese နှင့် G20 ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြှင့် ကောင်းမွန်စေရေး လုပ်ဆောင်ရန် အရေးကြီးသော နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်များကို ရရှိခဲ့သည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် Albanese သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့သည်။ ယင်းသည် ဩစတေးလျဝန်ကြီးချုပ် အနေနှင့် ၇နှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။

ယခုအကြိမ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ သြစတြေးလျ ခရီးစဉ်သည် နှစ်ပေါင်းများစွာ အကျပ်အတည်းဖြစ်ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးလာမှု ၏ နောက်ဆုံးလက္ခဏာဖြစ်ကြောင်း သြစတြေးလျမီဒီယာက ဖော်ပြခဲ့သည်။ သြစတြေးလျ ခရီးစဉ်အတွင်း နှစ်ဖက်တို့သည် တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံနှင့် သင်ခန်းစာများကို တရုတ်ဘက်က  ပြန်လည်သုံးသပ်ပြီး ယခု တရုတ်-သြစတြေးလျ ဆက်ဆံရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည့်အတွက် မဆိုင်းမတွ မတုံ့ဆိုင်းဘဲ ရှေ့သို့ ခိုင်မြဲစွာ လျှောက်လှမ်းသင့်သည်ဟု ထောက်ပြခဲ့သည်။ ဩစတြေးလျ-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံ အကြားရှိ မတူခြားနားမှုနှင့် သဘောကွဲလွဲမှုများဖြင့် မသတ်မှတ်သင့်ကြောင်း၊ နှစ်ဖက်စလုံး၏ ဘုံအကျိုးစီးပွားကို တတ်နိုင်သမျှ ရှာဖွေသင့်သည်ဟု သြစတြေးလျဘက်မှ ပြောကြားခဲ့သည်။