ယူကရိန်းအား လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုမိုထောက်ပံ့ပေးရန် အမေရိကန်နှင့် ဂျာမဏီတို့ ကတိပြုကြ

(GMT+08:00)2024-03-20 15:57:16  

ဒေသစံတော်ချိန် မတ်လ ၁၉ ရက်နေ့တွင် အမေရိကန်ဦးဆောင်သော ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအဖွဲ့သည် ဂျာမဏီနိုင်ငံ ရမ်စတိန်းရှိ အမေရိကန် လေတပ် အခြေစိုက်စခန်း၌ ၎င်း၏ အကြိမ် ၂၀ မြောက် အစည်းအဝေးကို ကျင်းပခဲ့သည်။ ယခုအကြိမ် အစည်းအဝေးတွင် ပါဝင်ကြသည့် နိုင်ငံပေါင်း ၅၀ ခန့်သည် အဓိကအားဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြောင်း သိရပါသည်။ ထိုနေ့တွင် အမေရိကန်နှင့် ဂျာမဏီတို့က ယူကရိန်းအား လက်နက်နဲ့ ခဲယမ်းမီးကျောက်များကို ပိုမိုထောက်ပံ့ပေးရန် ကတိပြုခဲ့ကြသည်။

အမေရိကန်နှင့် ဂျာမဏီ တို့သည် ယခုအချိန်အထိ ယူကရိန်းအား စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု အများဆုံးပေးခဲ့သည့် နိုင်ငံ နှစ်နိုင်ငံဖြစ်သည်။ သို့သော်  ယူကရိန်းအား လက်နက်များ တစ်ဆင့်တိုး ပိုမိုထောက်ပံ့ပေးရန်အတွက် အဆိုပါ နှစ်နိုင်ငံ အစိုးရတို့သည် ပြင်းထန်သော တားဆီးမှု ကြုံတွေ့ရသည်။ အဲဒီအထဲမှာ အမေရိကန်မှ ယူကရိန်းအား အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ တန်ဖိုးရှိသော ထောက်ပံ့ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်၌ အတည်ပြုရန် အခက်အခဲရှိသည်။ ဂျာမဏီ ဖိုဆာ ပြည်သူ့သဘောထား  စစ်တမ်းကောက်ယူရေး အေဂျင်စီ မှ ၁၉ ရက်နေ့က ထုတ်ပြန်သော အချက်အလက်အရ ယူကရိန်းအား Taurus ခရုဇ်ဒုံးကျည်များ ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ဂျာမဏီ ပြည်သူများ၏ ထောက်ခံမှုနှုန်းမှာ ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းလာကာ စစ်တမ်းဖြေဆိုသူ ၆၆ ရာခိုင်နှုန်းတို့သည် ကန့်ကွက်ကြကြောင်း သိရပါသည်။