တရုတ်-အမေရိကန် ကလေးလူငယ်များ ကူးလူးဖလှယ်ရေးလှုပ်ရှားမှုကို ဘေကျင်းတွင် ကျင်းပ

(GMT+08:00)2024-03-19 15:12:17  

အမေရိကန်ကလေးလူငယ် ၅သောင်း တရုတ်နိုင်ငံသို့ လာရောက်ကူးလူးဖလှယ်ပြီး သင်ယူလေ့လာခြင်း၏ အစိတ်အပိုင်းအဖြစ် China Media Group နှင့် အမေရိကန် ကလေးလူငယ် ကျောင်းသူကျောင်းသားများ ကူးလူးဖလှယ်ရေးအသင်းတို့ ပူးတွဲ ကျင်းပသော “အဝေးမှ လာကြသည့် သူငယ်ချင်းများ” တရုတ်-အမေရိကန်ကလေး လူငယ်များ ကူးလူးဖလှယ်ရေးလှုပ်ရှားမှုကို မတ်လ ၁၈ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းလှုပ်ရှားမှုသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ  ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Steilacoom မြို့ မြို့တော်ဝန် Richard Walter Muri နှင့် တရုတ်ပညာရေး နိုင်ငံတကာကူးလူးဖလှယ်ရေး အသင်း ဒုတိယအတွင်းရေးမှူးချုပ် Fu Bo တို့ တက်ရောက်ခဲ့ ကြပါသည်။
    ရှင့်ဟိုင်ရှုံက မိန့်ခွန်းပြောကြားရာတွင် ယခုနှစ်သည် တရုတ်-အမေရိကန် သံတမန်အဆက်အသွယ် ထားရှိသည့် ၄၅ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ပါမောက္ခ ဖုန်းလိယွမ် တို့သည် အမေရိကန် Lincoln အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများထံသို့ တရုတ် ရိုးရာ နှစ်သစ်ကူး ကတ်ပြားများ ပေးပို့ပြီး နှစ်သစ်ကူး နွေဦးပွဲတော် နှုတ်ခွန်းဆက်သကာ အားလုံးကို တရုတ်နိုင်ငံသို့ များများလာရောက်ကြည့်ရှုရန် ကြိုဆိုကြောင်း ဖော်ပြခဲ့ကြကြောင်း၊ ယခုအကြိမ် ကူးလူးဖလှယ်ခြင်းနှင့် လာရောက် လည်ပတ်ခြင်းဖြင့် အားလုံးသည် မိမိ၏ မျက်စိဖြင့် တရုတ်နိုင်ငံကို အနီးကပ်ကြည့်ရှုနိုင်ပြီး မိမိ၏ နားဖြင့် တရုတ်နိုင်ငံကို ကြားနိုင်ကာ မိမိ၏ ပါးစပ်ဖြင့် တရုတ်စားကောင်း သောက်ဖွယ်များကို မြည်းကြည့်နိုင်၍ ပိုမိုတိုက်ရိုက်နက်ရှိုင်းသော နားလည်သဘောပေါက်မှု နှင့် ထိတွေ့ခံစားမှုများ ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ရှင့်ဟိုင်ရှုံက တရုတ်-အမေရိကန်ဆက်ဆံရေး၏ အခြေခံသည် အရပ်ဘက်တွင် တည်ရှိပြီး မျှော်လင့်ချက်သည် ပြည်သူများတွင် တည်ရှိကာ ရှေ့အလားအလာသည် လူငယ်များတွင် တည်ရှိ၍ ရှင်သန်မှုသည် ဒေသန္တရတွင် တည်ရှိသည်ဟု သမ္မတ ရှီကျင့်ဖိန် က မှာကြားခဲ့ကြောင်း၊ မိမိတို့သည် စိတ်နှလုံးသားချင်း ပေါင်စပ်ပြီး မိတ်ဖွဲ့ ပေါင်းသင်းဆက်ဆံကာ အပြန်အလှန်သင်ယူလေ့လာပြီး အပြန်အလှန် အတုယူလိုကြောင်း၊ တရုတ်-အမေရိကန်နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေး တိုးပွားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုသာယာသော ရှေ့အလားအလာသို့ ချီတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။