စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးတွန်းအားဖြစ်လာမည့် "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား"

(GMT+08:00)2024-03-11 18:46:14  

       ယနေ့ကာလ တရုတ်ပြည်မှာ စီးပွားရေးကဏ္ဍပိုမိုတိုးတက်ဖို့အတွက် အရေးပါတဲ့စကားတစ်လုံး ခေတ်စားလာပါတယ်။ အဲဒီစကားလုံးကတော့ "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား" ဆိုတာပါပဲ။ ဒီစကားရဲ့အဓိပ္ပါယ်ဟာ လေးနက်ပြီး ဒီစွမ်းအားကိုဖွံ့ဖြိုးအောင်ဖော်ဆောင်မြှင့်တင်နိုင်တာနဲ့အမျှ တရုတ်နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးကဏ္ဍတိုးတက်မှု အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာမှာပဲဖြစ်ပါတယ်။

         အထူးသဖြင့် ယနေ့အခါမှာ တရုတ်နိုင်ငံဟာ Belt and Road စီမံကိန်းကို ရပ်ဝန်းအတွင်းရှိ နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ လက်တွဲဆောင်ရွက်လျက်ရှိရာ ကုန်သွယ်စီးပွားအရှိန်အဟုန်နဲ့ တိုးတက်ဖို့အတွက် "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား" ဖွံ့ဖြိုးရေးဟာလွန်စွာမှပဲ အရေးပါလှပါတယ်။ Belt and Road စီမံကိန်းဟာ ဆယ်စုနှစ်ကာလတစ်ခုပြီးစီးပြီးနောက် ထပ်မံ၍ ဆယ်စုနှစ်ကာလတစ်ခုကို ဖော်ဆောင်တဲ့အခါ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဟာ ရပ်ဝန်းအတွင်းနိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့တွန်းအားတစ်ရပ်ဖြစ်လာမှာ အမှန်ပါပဲ။

       တစ်ကယ်တော့ ဒီ"အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား(New Quality Productivity) " ဆိုတဲ့စကားကို စတင်ဖော်ညွှန်းခဲ့တဲ့သူကတော့တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ပဲဖြစ်ပါတယ်။ မစ္စတာရှီကျင့်ဖျင်ဟာ၂၀၂၃ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ သွားရောက်ကွင်းလေ့လာစဉ်မှာ ဒီစကားလုံးကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ရာ လူ့အဖွဲ့အစည်းကြားမှာ အာရုံစိုက်မှုရရှိကာ ရေပန်းစားလာခဲ့ပါတယ်။ မကြာသေးခင်ကလည်း မစ္စတာရှီကျင့်ဖျင်ဟာ အာဏာရပါတီရဲ့အဆင့်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ရဲ့ စုပေါင်းလေ့လာရေးအစည်းအဝေးမှာ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားနဲ့ပတ်သတ်ပြီး အလေးအနက်ထားရှင်းလင်းပြောကြားခဲ့ပါတယ်။


          ယခုတဖန်၂၀၂၄ခုနှစ် မတ်လ၅ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဌ မစ္စတာရှီကျင့်ဖျင်ဟာ (၁၄)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ကျန်းစူးပြည်နယ်ကိုယ်စားလှယ်အဖွဲ့ရဲ့ဆွေးနွေးပွဲသို့ တက်ရောက်ပြီး-

          "အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် အဓိကတာဝန်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသအခြေအနေအရ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာတော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှုပြုပြင်ပြောင်းလဲရေးကို ရင်ဆိုင်လျက်မိမိတို့သည် အခွင့်အလမ်းများကို ထိထိမိမိဆုပ်ကိုင်ထားပြီး ဆန်းသစ်တီထွင်ရေးကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ထွန်းသစ်စလုပ်ငန်းများ ရှင်သန်လာအောင်ဆောင်ရွက်ပြီး အနာဂတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ကြိုတင်စီမံကာ ခေတ်မီကုန်ထုတ်လုပ်မှုစည်းစနစ် ပိုမိုပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသအရပ်ရပ်အနေဖြင့် ဒေသခံအရင်းအမြစ်အခြေအနေများ၊ ကုန်ထုတ်လုပ်မှုအခြေခံအခြေအနေများ၊ သိပ္ပံနည်းပညာ အခြေအနေများအရ ကုန်ထုတ်လုပ်မှုအသစ်၊ပုံစံအသစ်၊ စွမ်းအင်အသစ်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး နည်းပညာအသစ်ဖြင့် သမားရိုးကျလုပ်ငန်းများကို ပြုပြင်အဆင့်မြှင့်တင်၍ ကုန်ထုတ်လုပ်မှုအဆင့်မြှင့်တင်ရေး၊ စမတ်ဖြစ်ရေးနှင့် အစိမ်းရောင်ဖြစ်ရေးတို့ကို တက်ကြွစွာ အားဖြည့်ရမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။

            အလားတူ မစ္စတာရှီကျင့်ဖျင်ဟာ မတ်လ ၆ရက်နေ့ညနေပိုင်းက (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီ(CPPCC)ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်နေတဲ့ တရုတ်ကိုမင်တန်တော်လှန်ရေးကော်မတီ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်နှင့် အရင်းအမြစ်လုပ်ငန်းနယ်ပယ်များမှ ကော်မတီဝင်များရဲ့အဖွဲ့လိုက်ဆွေးနွေးပွဲသို့ တက်ရောက်၍-

             "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးခြင်းသည် ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုခြင်း(သို့မဟုတ်) စွန့်လွှတ်ခြင်းမဟုတ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုနှင့် စက်မှုဆန်းသစ်တီထွင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာအောင်မြင်မှုများ အားလက်တွေ့အသုံးချခြင်းကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ ရိုးရာစက်မှုလုပ်ငန်းကို အသွင်ပြောင်းခြင်းဖြင့် အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်ကြောင်း၊ အနာဂတ် စက်မှုလုပ်ငန်းများကို စီစဥ်တည်ဆောက်ပြီး ခေတ်မီစက်မှုလုပ်ငန်းစနစ်ကို ပိုမိုလျင်မြန်စွာတည်ဆောက်ရမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။



အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား


    ဒီနေရာမှာ "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား"ဆိုတဲ့ အယူအဆကို လေ့လာကြည့်တဲ့အခါ အဓိပ္ပါယ် သုံးမျိုးပါဝင်နေတာတွေ့ရပါတယ်။

     ပထမတစ်မျိုးက "ထုတ်လုပ်မှုစွမ်းအား" ဖြစ်ပါတယ်။ ထုတ်လုပ်မှုစွမ်းအားဟာ သဘာဝတရားကို လူတွေက ပြုပြင်ပြောင်းလဲတဲ့စွမ်းအားဖြစ်ပြီး သမိုင်းကြောင်းပေါ်က ကြီးမားတဲ့ စက်မှုတော်လှန်ရေးအချို့ဟာ ထုတ်လုပ်မှုစွမ်းအား ပြုပြင်ပြောင်းလဲရေးတွေအပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးက "ဆန်းသစ်တီထွင်မှု" ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကုန်ထုတ်လုပ်ငန်းဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုကို မောင်းနှင်းခြင်းဖြစ်ပါတယ်။ အဆင့်နိမ့်စက်မှုထုတ်ကုန်တွေထုတ်လုပ်မှုနဲ့ တင်ပို့မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မယ့် သဘောမဟုတ်ဘူးလို့ သိရပါတယ်။ တတိယတစ်မျိုးကတော့ "အရည်အသွေးနဲ့ပုံစံ"ဖြစ်ပါတယ်။ များပြားလှတဲ့ လူအင်အားလုပ်အားနဲ့ ငွေကြေးထည့်ဝင်မှုတို့ဖြင့် ထုတ်ကုန်အရေအတွက်ကို တိုးများစေခြင်း၊ စီးပွားရေးကိုတိုးတက်မြှင်တင်ခြင်းတို့ထက် "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား"နဲ့ စီးပွားရေးကို မြှင့်တင်ခြင်းဟာ ပိုမိုအားသာကောင်းမွန်တဲ့သဘောဖြစ်ပါတယ်။ သိပ္ပံနဲ့နည်းပညာအဆင့်မြင့်တဲ့၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ကုန်ထုတ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုရရှိစေနိုင်တာကြောင့် အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားရဲ့ အရည်အသွေးနဲ့ပုံစံကို အလေးထားရခြင်းဖြစ်တယ်လို သိရပါတယ်။

           အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဟာ သမ္မတရှီကျင့်ဖျင်ရဲ့ စီးပွားရေးဆိုင်ရာ အယူအဆတွေကို တစ်စုတစ်ဝေးတည်းဖော်ပြနေပြီး ခေတ်သစ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဆက်တိုက်တည်ငြိမ်ကောင်းမွန်ရေးနှင့် အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်စုံတွန်းအားပေးမြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းတွေနဲ့ အနာဂတ်လုပ်ငန်းတွေကို ဦးဆောင်ရန်အတွက် သိပ္ပံနည်းကျသီအိုရီနဲ့ လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်မှုတွေကို ပံ့ပိုးမှုပေးနေတယ်လို့ စီးပွားရေးပညာရှင်တွေက ယူဆကြပါတယ်။


အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည့်နည်းလမ်းများ


ကုန်ထုတ်လုပ်ငန်းတစ်ခု ပိုမိုတိုးတက်ဖို့ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးအားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒီလိုဖွံ့ဖြိုးအားကောင်းဖို့ ဆောင်ရွက်တဲ့နေရာမှာ အရေးပါတဲ့အချက်ကတော့ နည်းပညာဆန်းသစ်တီထွင်မှုကို အဓိကမောင်းနှင်အားအဖြစ် လုပ်ဆောင်ပြီး ဆန်းသစ်တီထွင်မှုရလဒ်တွေကို စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်မီ အသုံးချခြင်း ပဲဖြစ်ပါတယ်။ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ရေးနဲ့ပတ်သတ်ပြီး သမ္မတရှီကျင့်ဖျင်က လုပ်ငန်းစဥ်အချို့ကို စီစဉ်နေရာချပေးခဲ့တယ်လို့ သိရပါတယ်။

       အဲဒါတွေကတော့-

(၁) သမရိုးကျစက်မှုလုပ်ငန်းများကို ပြုပြင်မွမ်းမံခြင်းနှင့်အဆင့်မြှင့်တင်ခြင်း။  ဒီလုပ်ငန်းစဉ်ကတော့ ဥပမာအားဖြင့် သမရိုးကျလုပ်ကိုင်တဲ့စက်ရုံအချို့မှာ ဒစ်ဂျစ်တယ်နဲ့ စမတ်ကျစွာ ပြုပြင်မွမ်းမံခြင်းဖြင့် လူမလိုအပ်ဘဲ လည်ပတ်တဲ့လုပ်ဆောင်မှုမျိုးဖြစ်ပါတယ်။ အထည်အလိပ်လုပ်ငန်း၊ စာသောက်ကုန်ထုပ်ပိုးလုပ်ငန်းစတာတွေပဲ ဖြစ်ပါတယ်။

(၂) ကြီးမားတဲ့ထွန်းသစ်စစက်မှုလုပ်ငန်းများပျိုးထောင်ခြင်း။ ဒီလုပ်ငန်းစဉ်ဟာ အီလက်ထရောနစ်နည်းပညာများစွာ ပါဝင်တဲ့လုပ်ငန်းတွေဖြစ်ပြီး "human wave attack "နဲ့ အကြီးစားထုတ်လုပ်မှုကို ဖော်ဆောင်ရန် ခက်ခဲတဲ့ထွန်းသစ်စလုပ်ငန်းတွေဖြစ်ပါတယ်။ ဥပမာအားဖြင့်လူလိုက်ပါတဲ့လျှပ်စစ်ကား၊လီသီယံ-အိုင်းယွန်းအားသွင်းနိုင်တဲ့ဘတ်ထရီ၊ဆိုလာဘတ်ထရီထုတ်လုပ်ရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။

(၃) အနာဂတ်စက်မှုလုပ်ငန်းများ စီစဉ်နေရာချထားတည်ဆောက်ခြင်း။ ဒီလုပ်ငန်းစဉ်ဟာ ခေတ်ရှေ့ပြေးနည်းပညာတွေကို တွန်းအားပေးမြှင့်တင်ပြီး အနာဂတ်စက်မှုလုပ်ငန်းတွေကို မောင်းနှင်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် လူပုံသဏ္ဍာန်စက်ရုပ်၊ ကွမ်တမ်ကွန်ပျူတာ၊ 6Gကွန်ရက်ပစ္စည်း ဦးနှောက်နှင့် ကွန်ပျူတာအပြန်အလှန်ဆက်သွယ်မှု၊ လကမ္ဘာနဲ့အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးစတဲ့ စက်မှုလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

(၄) စက်မှုလုပ်ငန်းဆိုင်ရာ ထူးချွန်သူများအဖွဲ့ကို ပျိုးထောင်ပေးခြင်း။ အရည်အသွေးသစ်ထုတ်ကုန်စွမ်းအားကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ရာမှာ နည်းပညာကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်တွေလည်း လိုအပ်တာမို့ သူတို့တွေကိုပြုစုပျိုးထောင်ဖို့ကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။



တရုတ်နိုင်ငံ၏အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမျှော်မှန်းချက်များ


      တရုတ်နိုင်ငံပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်မှာ ၂၀၂၄ခုနှစ် မတ်လ ၅ရက်နေ့က ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်( NPC)  ရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီချန်က တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြု လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်မယ့် အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာကို လေ့လာကြည့်တဲ့အခါ ၂၀၂၃ခုနှစ်က  ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းတွေနဲ့အတူ ၂၀၂၄ခုနှစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့မျှော်မှန်းချက်တွေကိုလည်း လေ့လာတွေ့ရှိရပါတယ်။    

      ၂၀၂၃ခုနှစ် ရလဒ်တွေအနက်အချို့ကိုဖော်ပြရရင်-

- တစ်နှစ်ပတ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အဓိက ရည်မှန်းချက်တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ခဲ့တယ်၊

         - လူ့အဖွဲ့အစည်းအခြေအနေတစ်ရပ်လုံး တည်ငြိမ်ပြီး ဆိုရှယ်လစ်စနစ်နဲ့ ခေတ်မီသော နိုင်ငံကြီးဘက်စုံတည်ဆောက်ရေးအတွက် ခိုင်မြဲသောခြေလှမ်းများလျှောက်လှမ်းနိုင်ခဲ့တယ်၊

     - GDPဟာ တရုတ်ယွမ်၁၂၆ထရီလီယံထက်ကျော်လွန်ပြီး (၅ဒသမ၂) ရာခိုင်နှုန်းတိုးများလာခဲ့တယ်၊

     - ပြည်သူတစ်ဦးချင်းပျှမ်းမျှဝင်ငွေဟာ (၆ဒသမ၁) ရာခိုင်နှုန်းတိုးများလာပြီး ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ဒေသနေကျေးလက် ပြည်သူများရဲ့ဝင်ငွေဟာ (၈ဒသမ၄) ရာခိုင်နှုန်း တိုးများလာခဲ့တယ်၊

     - စွမ်းအင်သစ်လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချမှုပမာဏဟာ တစ်ကမ္ဘာလုံးရဲ့၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်၊

     - ပြုပြင်ပြောင်းလဲတံခါးဖွင့်မှုကို နက်ရှိုင်းကျယ်ပြန့်စွာဖော်ဆောင်ခဲ့ပြီး စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်လည်း အဆက်မပြတ်တိုးတက်ကောင်းမွန်လာခဲ့တယ်၊

      - နိုင်ငံတကာစျေးကွက်တွင်ပို့ကုန်တင်ပို့မှုပမာဏဟာ တည်ငြိမ်လျက်ရှိပြီး လျှပ်စစ်ကား၊ လီသီယံ-ဘတ်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန် စသည့် "စွမ်းအင်သစ်ကုန်ပစ္စည်းသုံးမျိုး" တင်ပို့မှုဟာ (၃၀ )ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်-စသည်တို့ပဲဖြစ်ပါတယ်။



   ၂၀၂၄ခုနှစ် အတွက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဓိကမျှော်မှန်းချက်အချို့ကိုဖော်ပြရရင်-


  - GDP (၅)ရာခိုင်နှုန်းဝန်းကျင်တိုးများလာရေး၊

  - ပြည်သူ့ဝင်ငွေတိုးတက်မှုနှင့်စီးပွားရေးတိုးတက်မှုတစ်ပြေးညီဖြစ်ရေး၊

  - GDPတစ်ယူနစ်အတွက်စွမ်းအင်သုံးစွဲမှုပမာဏ(၂ဒသမ၅)ရာခိုင်နှုန်းဝန်းကျင်လျော့နည်းလာရေး၊

  - တရုတ်နိုင်ငံဟာ အဆင့်အတန်းမြင့်ပြည်ပတံခါးဖွင့်မှုကို တိုးချဲ့၍ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်သွားမည်၊

    - ပြည်တွင်းနှင့်နိုင်ငံတကာ စျေးကွက်အရင်းအမြစ်နှစ်ခု ချိတ်ဆက်အကျိုးသက်ရောက်မှုကို တိုးမြှင့်ကာ ပြည်ပကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၏ အခြေခံအခြေအနေကိုခိုင်မြဲစေပြီး နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှု အားသာချက်အသစ်များကို ပျိုးထောင်သွားမည်၊

       - Belt and Road အရည်အသွေးမြင့်အတူတကွ တည်ဆောက်ခြင်းလှုပ်ရှားမှု ၈ရပ ်အကောင်အထည်ဖော်ခြင်းအား ထောက်ခံအားပေးသွားမည်၊

       - အနောက်ပိုင်းဒေသကုန်း၊ ရေနှစ်သွယ်ကုန်သွယ်ရေးစင်္ကြန်သစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားမည်၊

       - အသက်ဝင်နေပြီဖြစ်သည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်မှုကို တွန်းအားပေး၍ ပိုမိုများပြားသည့် နိုင်ငံများ၊ ဒေသများနှင့်အတူ စံနှုန်းမြင့်လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို ညှိနှိုင်းချုပ်ဆိုသွားမည်၊

      - တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် (၃.၀) ဗါးရှင်းဆွေးနွေးမှုကို ဖော်ဆောင်၍ "ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးသဘောတူညီမှု"၊ "ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်( CPTPP )" တွင်ပါဝင်ရန် တွန်းအားပေးသွားမည်-စသည်တို့ပဲဖြစ်ပါတယ်။



အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးမှု၊ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကိုအကျိုးပြု


တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အားကောင်းနေတာကို အထက်ဖော်ပြပါ နှစ်စဉ်အစီရင်ခံစာအရ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အနာဂတ်ကာလမှာလည်း တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု ပိုမိုအားကောင်းဖို့အတွက် "အရည်အသွေးသစ်ကုန် ထုတ်စွမ်းအား" ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ညွှန်းထားတာတွေ့ရပါတယ်။

         ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအားကောင်းလာတာနဲ့အမျှ ဒေသတွင်းနိုင်ငံများအကြားဖွံ့ဖြိုးမှုကိုပါအကျိုးပြုမှာ ဖြစ်တယ်လိုဆိုကြပါတယ်။ ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတဲ့မေးခွန်းကို ဖြေဆိုနိုင်ဖို့အတွက် ဦးစွာ တရုတ်နိုင်ငံရဲ့ "တရုတ်အသွင်ပုံစံခေတ်မီမှု" လုပ်ငန်းစဉ်ကို လေ့လာကြည့်ဖို့ လိုပါတယ်။ "တရုတ်အသွင်ပုံစံခေတ်မီမှု"ဆိုတာဟာ တရုတ်တစ်နိုင်ငံတည်းဖွံ့ဖြိုးမှုလုပ်ငန်းစဉ် မဟုတ်ဘဲ၊ မိတ်ဖက်နိုင်ငံများ၊ စီးပွားဘက်နိုင်ငံများဖွံ့ဖြိုးမှုကိုပါ အလေးထား ပံ့ပိုးဖော်ဆောင်တဲ့ လုပ်ငန်းဥစ်ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ တရုတ်နိုင်ငံဟာ "Belt and Road " စီမံကိန်းကို ရပ်ဝန်းအတွင်းရှိနိုင်ငံနှင့် ဒေသ(၁၅၀)ကျော်နဲ့ လက်တွဲပူးပေါင်းဖော်ဆောင်လျက်ရှိရာမှာ အဆိုပါ လုပ်ငန်းစဉ်ရဲ့အကျိုးဆက်ကို ရပ်ဝန်းအတွင်းနိုင်ငံများကပါလက်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ အလားတူ အဆိုပါလုပ်ငန်းစဉ်ကို "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား" အခြေခံနဲ့ ဖော်ဆောင်မှာဖြစ်လို့ ဒီကုန်ထုတ်စွမ်းအားရဲ့ အကျိုးဆက်ကို တရုတ်နိုင်ငံရဲ့မိတ်ဖက်နိုင်ငံများအနေနဲ့ လက်တွေ့ကျကျခံစားရမှာဖြစ်ပါတယ်။

          တစ်ကယ်တော့ ယနေ့အခါမှာ တရုတ်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်နေပါပြီ။ အလားတူ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံကြီးတစ်နိုင်ငံလည်း ဖြစ်လို့နေပါပြီ။ ခုလိုဖွံ့ဖြိုးမှုအားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာတာဟာ နိုင်ငံ့စီးပွားရေးဆိုင်ရာမူဝါဒတွေမှန်ကန်တာ၊ စီမံကိန်းတွေ စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်တာကြောင့် လို့သုံးသပ်နိုင်ပြီး ယခုထပ်မံချမှတ်ဖော်ဆောင်မယ့် "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားသစ်" ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဟာလည်း နိုင်ငံ့စီးပွားပိုမိုတိုးတက်ရေးအတွက် အကောင်းဆုံးသောတွန်းအားတစ်ရပ်ဖြစ်လာမည်ဟု ရှုမြင်ပါကြောင်း ရေးသားလိုက်ရပါတယ်။    ။