အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးခြင်းသည် ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မဟုတ်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-03-08 14:43:57  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့ ညနေပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် နေသည့် တရုတ် ကူမင်တန် တော်လှန်ရေး ကော်မတီ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်နှင့် အရင်းအမြစ် လုပ်ငန်း နယ်ပယ် များမှ ကော်မတီဝင်များအား သွားရောက်ကြည့်ရှုပြီး အဖွဲ့လိုက်စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ကာ အမြင်များနှင့် အကြံပြုချက်များကို ကြားနာခဲ့ပါသည်။

ရှီကျင့်ဖိန်က အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးခြင်းသည် ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မဟုတ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုဆန်းသစ်တီထွင်မှုကို မြှင့်တင်ရမည်၊ သိပ္ပံနှင့် နည်းပညာ အောင်မြင်မှုများကို လက်တွေ့အသုံးချခြင်းကို အားဖြည့်ပြုလုပ်ရမည်၊ ရိုးရာစက်မှုလုပ်ငန်း အသွင်ပြောင်းခြင်းဖြင့် အဆင့်မြှင့်တင်ရမည်၊ မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရမည်၊ အနာဂတ် စက်မှုလုပ်ငန်းများကို စီစဉ်တည်ဆောက်ရမည်၊ ခေတ်မီစက်မှုလုပ်ငန်းစနစ်ကို  ပိုမိုလျင်မြန်စွာ တည်ဆောက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။