CGTN လူထုစစ်တမ်း - တစ်ကမ္ဘာလုံးမှဖြေဆိုသူ ၈၀% ကျော်က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ချီးကျူးခဲ့ကြ

(GMT+08:00)2024-03-08 12:59:03  

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းဖြေဆိုသူ ၈၃.၅%က တရုတ်နိုင်ငံရဲ့ လွတ်လပ်ပြီး ငြိမ်းချမ်းရေးကိုအခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို ချီးကျူးကြပြီး ဒါဟာ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ နိုင်ငံတကာ စည်းစနစ် ဖြစ်လာစေဖို့ အထောက်အကူပြု လိမ့်မယ်လို့ ယူဆကြောင်း မကြာသေးမီက China Media Group ရဲ့ CGTNနဲ့ Renmin University of China ပူးပေါင်းပြီး ခေတ်သစ်နိုင်ငံတကာဖြန့်ဝေရေး သုတေသန ဌာန မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဖြေဆိုသူများကို ဦးတည်ကောက်ယူခဲ့တဲ့ လူထုသဘောထား စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီစစ်တမ်းဟာ ကမ္ဘာတစ်ဝန်းရှိ ဖြေဆိုသူ ၃၁၉၈၀ ဦးကို စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန် စတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖြေဆိုသူများ ပါဝင်ရုံသာမက  မက္ကဆီကို၊ ထိုင်း၊ နိုင်ဂျီးရီးယား စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြေဆိုသူများလည်း ပါဝင်ပါတယ်။

အေးအတူပူအမျှအသိုက်အဝန်း အယူအဆ၊ လူသားအားလုံးရဲ့ ဘုံတန်ဖိုး၊ "Belt and Road" အစီအမံ အတူတည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံသုံးရပ် စသဖြင့် တရုတ်နိုင်ငံဟာ အတူတိုင်ပင်ဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးအယူအဆကို အမြဲလက်ကိုင်ထားပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုရှိပြီး စနစ်တကျရှိတဲ့ ကမ္ဘာကြီးဝင်ရိုးစုံတိုးတက်ခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်လာစေရန် တွန်းအားပေး မြှင့်တင်နေပါတယ်။ ဒီစစ်တမ်းမှာ ဖြေဆိုသူ ၉၁.၁% က ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း "Belt and Road" အစီအမံကြောင့် ဖြစ်ထွန်းခဲ့တဲ့ များပြားတဲ့အောင်မြင်မှုရလဒ်တွေကို များစွာအသိ အမှတ်ပြုကြပြီး "Belt and Road" အစီအမံဟာ ကမ္ဘာကြီးကို အကျိုးပြုနေတဲ့ “ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း”နဲ့ “ပျော်ရွှင်ချမ်းမြေ့ရေးလမ်းကြောင်း” ဖြစ်လာတယ် လို့ ယူဆကြပါတယ်။ “အေးအတူပူအမျှ အသိုက်အဝန်း” အယူအဆက လူသားတို့အတွက် သာယာလှပတဲ့အနာဂတ် တည်ဆောက်ပေးရန် ရေရှည်တည်မြဲတဲ့ခွန်အားတွေ ဖြည့်တင်း ပေးနေပြီး လူသားတို့အတွက် မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြပေးနေတယ်လို့ ဖြေဆိုသူ ၈၂.၅% က ယူဆကြပါတယ်။ ဖြေဆိုသူ ၈၄.၅%က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံရဲ့ အဓိကသဘောတရားများကို အသိအမှတ်ပြုကာ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာလုံး ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်၊ လူသားတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ဖော်ဆောင်ရန် အတွက် နည်းလမ်းဖြစ်တယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၈၅.၆% က လုံခြုံရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး နိုင်ငံအသီးသီး အတူလက်တွဲကာ ဟန်ချက်ညီတဲ့၊ ထိရောက်တဲ့၊ ရေရှည်တည်တံ့တဲ့ လုံခြုံရေးဖွဲ့စည်းပုံကို တည်ဆောက်သင့် တယ်လို့ ယူဆကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုမှာ အရေးပါတဲ့ အင်အားစုအနေနဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံရေးဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ချမ်းသာသုခနဲ့ သက်ဆိုင်နေပြီး လူသားတို့နဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အပြောသက်သက်သာ မဟုတ်ဘဲ သဘောတူညီချက်အသီးသီးကို လက်တွေ့လုပ်ဆောင်ချက်များဖြင့် အကောင်အထည်ဖော်ရန် အဓိကကျတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဖြေဆိုသူ ၈၆% က ယူဆကြကြောင်း စစ်တမ်းမှာ တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်-အမေရိကန်ဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှု၊ တန်းတူရည်တူဆက်ဆံမှုတို့ကို အခြေခံရပြီး တစ်ဦးနဲ့တစ်ဦးရဲ့ အဓိကအကျိုးစီးပွားနဲ့ အရေးကြီးတဲ့ စိုးရိမ်ပူပန်မှုများကို လေးစားရမယ်လို့ ဖြေဆိုသူ ၉၁.၂% က ယူဆကြပါတယ်။ တရုတ်-အမေရိကန်ဆက်ဆံရေးဟာ zero-sum game မဟုတ်ကြောင်း၊ တစ်ဖက်သားကို ပြုပြင်ရန်၊ ထိန်းချုပ်ရန် ကြိုးပမ်းတဲ့ စိတ်ကူးအားလုံးဟာ လက်တွေ့မကျကြောင်း၊ တစ်ဦးတစ်ဖက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်သားရဲ့ တရားဝင် အကျိုးစီးပွားကို ခေါင်းပုံမဖြတ်သင့်ကြောင်း ဖြေဆိုသူ ၉၂% က ယူဆကြပါတယ်။ အမေရိကန်က တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်များကို ဆင်ခြင်စွာ သိမြင်နားလည်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆင်ခြင်တုံတရားနဲ့ ရှုမြင်ရန် ဖြေဆိုသူ ၈၃.၂% က တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်ပေးနေတယ်လို့ စစ်တမ်းမှာ ဖြေဆိုသူ ၇၆.၂% က ယူဆကြ ပါတယ်။ ဖြေဆိုသူ ၆၄.၆% က တရုတ်နိုင်ငံဟာ တာဝန်သိတတ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ ယူဆကြပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွက် တည်ငြိမ်မှုနဲ့ သေချာမှုတွေ ပိုမိုဖြည့်သွင်းပေးနေတယ်လို့ ဖြေဆိုသူ ၆၅.၃% က ယူဆကြပါတယ်။

မတ်လ ၇ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးနှစ်ရပ်နဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောခဲ့သလိုပဲ “မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတကာပတ်ဝန်းကျင်ကို ရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှုအင်အား၊ တည်ငြိမ်မှုအင်အားနဲ့ တိုးတက်မှုအင်အား အဖြစ် တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”