“တရုတ် အခွင့်အလမ်း”ကို လက်လွှတ်မခံသင့်

(GMT+08:00)2024-03-06 14:51:45  

ယခုလ ၅ရက်နေ့တွင်    တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးထံသို့ တင်ပြသော ၂၀၂၄ ခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာသည် ကမ္ဘာ၏ အာရုံစူးစိုက်မှုများကို ဆွဲဆောင်ပါသည်။ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ယခုနှစ်အတွက် မျှော်မှန်းထားသော GDP တိုးနှုန်းကို ၅ ရာခိုင်နှုန်းဝန်းကျင်ဖြင့် ချမှတ်ထားကြောင်း ရေးသားထားပါသည်။ ယင်းသည် ကမ္ဘာ အတွက် အပြုသဘောဆောင်သော အချက်ပြမှု တစ်ခုဖြစ်သည်။

ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် တရုတ်အစိုးရသည် ယခုနှစ်တွင် ခေတ်မီသော စက်မှုလုပ်ငန်း စနစ်တည်ဆောက်ရေး၊ သိပ္ပံနှင့်ပညာရေးဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် မဟာဗျူဟာကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်း၊ နိုင်ငံခြားအား တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ခြင်း အပါအဝင် အဓိက လုပ်ငန်းတာဝန် ၁၀ခုကို စီစဉ်ပေးပါသည်။

၎င်းတို့အနက် "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား"သည် ခေတ်စားနေသည့် စကားလုံး တစ်ခု ဖြစ်သည်။ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာရှိသော ဤနယ်ပယ်သည် စီးပွားရေးတိုးတက်မှုအတွက် အကောင်းဆုံး တွန်းအားဖြစ်လာမည် ဖြစ်ပြီး တရုတ်နိုင်ငံ အနေနှင့် ဆန်းသစ်တီထွင်မှု ပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး ပုံစံကို ပိုပြီး အလေးထားလာခြင်းကို ဖော်ပြကြောင်း နိုင်ငံခြားမီဒီယာများက ယုံကြည်ကြပါသည်။      တစ်ချိန်တည်းမှာပင် အစီရင်ခံစာတွင် ထွန်းသစ်စစက်မှုလုပ်ငန်း၊ အနာဂတ်စက်မှု လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၏ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးခြားအစီအစဉ်များ ပြုလုပ်ထားပါသည်။

စျေးကွက်နှင့် ပတ်သက်၍ ပြောမည်ဆိုလျှင် မကြာသေးမီက အမေရိကန်ကုန်သည်များ အသင်း ဥက္ကဌနှင့် CEO ဖြစ်သူ Susanna Clarkeသည် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်ကုမ္ပဏီများက အလွန်အလေးထားသော စျေးကွက်တစ်ခုဖြစ်ကြောင်း သူမ အကြိမ်ပေါင်းများစွာ အလေးပေး ပြောကြားခဲ့ဖူးပါသည်။ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော အလွန်ကြီးမားသည့် စျေးကွက် သည် ကမ္ဘာအတွက် မရှိမဖြစ်လိုအပ်သော  win-win ရရှိနိုင်သော အခွင့်အလမ်း တစ်ခု ဖြစ်သည်။ ထို့အပြင် အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံခြားအား တံခါးဖွင့်မှုတိုးချဲ့ရေး ဆောင်ရွက်ချက်များသည် နိုင်ငံတကာ ကုမ္ပဏီများ၏ ယုံကြည်မှုကို တိုးပွားစေသည်။

လက်ရှိ ပထဝီ အနေအထားအရ နိုင်ငံရေး ပဋိပက္ခများ အရှိန်မြင့်လာခြင်းနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အားနည်းခြင်း အခြေအနေမျိုးတွင် တရုတ်နိုင်ငံသည် ရည်မှန်းထားသည့် ပန်းတိုင်များကို ယခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရန် လွယ်ကူမည်မဟုတ်ပါ၊ ပိုမိုများပြားသည့် ကြိုးပမ်းမှုများ လိုအပ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် ကမ္ဘာ အတွက် အခွင့်အလမ်းသစ်များ ပေးဆောင်ခြင်းသည် တရုတ်နိုင်ငံ၏ ကတိကဝတ်ဖြစ်သည်။