တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပပြီး အစိုးရလုပ်ငန်း အစီရင်ခံစာကို ဆွေးနွေး၊ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2024-02-29 17:50:32  

 ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပပြီး ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးတွင် စိစစ်ရန် တင်သွင်းမည့် တရုတ်နိုင်ငံတော်ကောင်စီ၏ အစိုးရလုပ်ငန်း အစီရင်ခံစာကို ဆွေးနွေးခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

   လွန်ခဲ့သည့်နှစ်တွင် လွန်စွာ ရှုပ်ထွေးပွေလီ ဖြစ်သည့် နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် ခက်ခဲမှု လွန်စွာ များပြားသည့် ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး တာဝန်များကို ရင်ဆိုင်လျက် ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုအဖြစ်ထားသည့် ပါတီဗဟိုကော်မတီသည် ပါတီ တစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ပြင်ပမှ ဖိအားများကို ခုခံထား၍ ပြည်တွင်းမှ အခက်အခဲများကို ကျော်လွှားကာ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် တည်ငြိမ်စွာ ကူးပြောင်း ဖော်ဆောင်နိုင်ခဲ့ပြီး စီးပွားရေး နာလန်ပြန်ထူလာနိုင်ခဲ့ကာ ပြည်သူလူထု နေထိုင်မှုဘဝကို အားကောင်း ထိရောက်စွာ အာမခံပေးနိုင်ခဲ့ကြောင်း၊ တစ်နှစ်တာလုံး စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဓိက ရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချ တွန်းအားပေးနိုင်ခဲ့၍ ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ ဘက်စုံ တည်ဆောက်ရေးသည် ခိုင်ခံ့သော ခြေလှမ်းများကို လျှောက်လှမ်း နိုင်ခဲ့ကြောင်း အစည်းအဝေးတွင် ဖော်ပြထားပါသည်။

   အစည်းအဝေးတွင် ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ၁၄ ခုမြောက် ငါးနှစ်စီမံကိန်း ရည်မှန်းချက် တာဝန်များကို ဖော်ဆောင်ရန် သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ယခုနှစ်၏ လုပ်ငန်းများတွင် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံခြင်း၊ တိုးတက်မှုဖြင့် တည်ငြိမ်မှုကို မြှင့်တင်ခြင်းနှင့် စနစ်အသစ် အရင် တည်ထောင် ပြီးမှ တစ်ဖြည်းဖြည်း ပြုပြင်ခြင်းတို့ကို စွဲကိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။